“ကာလုံဥပဒေ၊ အစိုးရသစ်ကို ခြိမ်းခြောက်နိုင်မလား”

“ကာလုံဥပဒေ၊ အစိုးရသစ်ကို ခြိမ်းခြောက်နိုင်မလား”
နေပြည်တော်တွင် ကျင်းပသည့် (၇၀) ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ်လ ၂၇၊ ၂၀၁၅ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)

ပြည်သူအများစုကြီး ၂၀၁၅ ခုနှစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ၂၀၁၆ ထဲကို ရွှင်ရွှင်လန်းလန်းနဲ့ ဝင်ရောက်ဖို့ ကြံရွယ်နေကြချိန်မှာပဲ စိုးရိမ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ “အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်း” ပြဌာန်းဖို့ ကြိုးစားမှုပါ။ ဒီ ဥပဒေကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြဌာန်းဖို့ ကြိုးစားတယ်ဆိုတာ မသိရသေးပေမယ့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဆီကို ရောက်ရှိနေပြီဖြစ်သလို၊ အမျိုးသားလွှတ်တော် အမတ်တွေ လက်ထဲကိုလည်း ရောက်နေပါပြီ။ ပိုင်းခြားဝေဖန်သူ တစ်ချို့ကတော့ ဒီဥပဒေကြမ်းဟာ လာမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အရပ်သား အစိုးရအဖွဲ့ကို တပ်မတော်ဘက်က လွှမ်းမိုးနိုင်အောင် ကြံရွယ် ပြဌာန်းတဲ့ ဥပဒေကြမ်း တစ်ခုအဖြစ် စွပ်စွဲ ပြောဆိုနေကြပါတယ်။ အဲဒီ စွပ်စွဲ ပြောဆိုချက်ဟာ အမှန်ပဲလား၊ ဥပဒေကြမ်းထဲမှာ ဘာတွေပါသလဲ၊ အဲဒီ ဥပဒေကြမ်း ပြဌာန်းလိုက်ရင် လာမယ့် အစိုးရသစ်ကို ခြိမ်းခြောက်ရာ ရောက်မလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခုလို ပထမအကြိမ် လွှတ်တော် သက်တမ်း ကုန်ကာနီးကျမှ ဒီဥပဒေကြမ်းကို ဘာလို့ အတည်ပြုဖို့ ကြိုးစားရသလဲဆိုတာက ပထမဦးဆုံး မေးရမယ့် မေးခွန်းပါ။ ၂၀၁၁ ကစ အာဏာရလာတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အင်အားစုအားလုံးဟာ တစ်ဖွဲ့ထဲသားတွေပါ။ အားလုံးကို အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေရာချပေးသွားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဦးဆောင်ကြပါတယ်။ သူတို့ အုပ်ချုပ်တဲ့ ၅ နှစ်တာနီးပါး ကာလမှာ အခု ဥပဒေ ပြဌာန်းဖို့ လုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအကြောင်း ပြည်သူတွေ သိပ် သိခွင့်မရကြပါဘူး။ သူရဦးရွှေမန်းလို ပုဂ္ဂိုလ်မျိုးက တစ်ခါတစ်ရံ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုတာမျိုးလောက်က လွဲရင် အခြား ဘာသတင်းအချက်အလက်မှ မသိကြရပါဘူး။ ကာလုံ အစည်းအဝေးကို ဘယ်နှစ်ရက်မှာ တစ်ခါ လုပ်တယ်၊ အကြောင်းအရာတွေကို ဘယ်လို ဆွေးနွေးကြပြီး ဘယ်လိုနည်း ဘယ်လိုပုံနဲ့ ဆုံးဖြတ်ကြတယ်ဆိုတာ ပြည်သူတွေ မသိရပါဘူး။ ယုတ်စွအဆုံး ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးကြတယ်ဆိုတာမျိုးလည်း မသိကြရပါဘူး။ အခုတော့ ပြည်သူတွေ ဘာမှ မသိရတဲ့ ကာလုံအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဥပဒေ တစ်ခု တင်သွင်း အတည်ပြုဖို့ ကြိုးစားကြပါတော့မယ်။

ဥပဒေ တစ်ခု ပြုတော့မယ်ဆိုရင် အဲဒီဥပဒေ ဘယ်လောက် အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အရင်ဆုံး ကြည့်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၁ မှာ ခုလို ဖော်ပြထားပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သော်လည်းကောင်း၊ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသည်။ (က) နိုင်ငံတော် သမ္မတ၊ (ခ) ဒုတိယ သမ္မတ၊ (ဂ) ဒုတိယ သမ္မတ၊ (ဃ) ပြည်သူ့လွှတ်တော် ဥက္ကဌ၊ (င) အမျိုးသားလွှတ်တော် ဥက္ကဌ၊ (စ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ (ဆ) ဒုချုပ်၊ (ဇ) ကာကွယ်ရေး ဝန်ကြီး၊ (ဈ) နိုင်ငံခြားရေး ဝန်ကြီး၊ (ည) ပြည်ထဲရေးဝန်ကြီး၊ (ဋ) နယ်စပ်ရေးရာ ဝန်ကြီး ဆိုပြီး စုစုပေါင်း ၁၁ ဦးဖြစ်ပါတယ်။”

ဒီ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းရမယ်လို့ သီးခြား ရေးသားထားတာတော့ မတွေ့ရပါဘူး။ ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ ကာလုံ အဖွဲ့ရဲ့ အဓိကကျတဲ့ ဆုံးဖြတ်ပိုင်ခွင့် (၄) ခုလောက် ရှိတာ တွေ့ရပါတယ်။ ပထမ တစ်ခုကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရေးပါ။ ဒုတိယ စစ်မက်ရေးရာ ကိစ္စ အဆုံးအဖြတ်ပေးတာ၊ တတိယ လွတ်ငြိမ်းခွင့်ပေးတာနဲ့ စတုတ္တ အရေးပေါ်ကာလဆိုင်ရာ အခြေအနေအတွက် အဆုံးအဖြတ် ပေးတာ ဖြစ်ပါတယ်။ ဥပဒေပြုတယ်ဆိုရင် အဲဒီ အချက်တွေ အပေါ်မူတည်ပြီးတော့ပဲ ဥပဒေပြုလို့ ရပါတယ်။

ပထမ တစ်ခုကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်မှု ဖြစ်ပါတယ်။ ဒီ အချက်တစ်ခုတည်းကသာ ကာလုံအဖွဲ့ရဲ့ သြဇာနဲ့ ဆုံးဖြတ်ပိုင်ခွင့်ဟာ သမ္မတအပေါ် လွှမ်းမိုးတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံ ဥပဒေ ၃၄၂ အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ဖို့ ကာလုံက အဆိုပြု ထောက်ခံပေးရမှာ ဖြစ်ပြီး သမ္မတက အဲဒါကို ခန့်ပေးလိုက်ရုံပါပဲ။ လက်ရှိ တပ်မတော် ဖွဲ့စည်းပုံ အခြေအနေ၊ ကာလုံ ဖွဲ့စည်းပုံ အခြေအနေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကပဲ နောက်တစ်ယောက်ကို ခန့်အပ်နိုင်မယ့် သဘောဖြစ်ပြီး၊ အဲဒါကို သမ္မတက ခန့်ပေးရမှာပါ။ ဒါကို ဥပဒေတစ်ခု ပြုလိုက်ရင်လည်း သိပ်ပြီး ထူးထူးခြားခြား ပြောင်းမသွားပါဘူး။

နောက်ထပ် ကျန်တဲ့ လွတ်ငြိမ်းခွင့်ပေးမယ့်ကိစ္စ၊ စစ်မက်ကိစ္စ၊ အရေးပေါ်ကာလ ကြေငြာဖို့ ကိစ္စ အားလုံးကို သမ္မတကသာလျင် အဆိုပြုရမှာဖြစ်ပြီး သမ္မတကသာ အခရာပါ။ ဒါကို အဆုံးအဖြတ် ပေးတဲ့ နေရာမှာသာလျင် ကာလုံက အဓိက ကျပါတယ်။ ပြောရရင် ဖွဲ့စည်းပုံပါ အချက်အတိုင်း ဥပဒေတစ်ခု ပြဌာန်းလိုက်တယ်ဆိုရင်တောင် နောင်တက်လာမယ့် အင်န်အယ်လ်ဒီ သမ္မတနဲ့ အစိုးရအဖွဲ့အတွက် ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ မဖြစ်စေပါဘူး။

ဒါပေမယ့် အခု ပြဌာန်းမယ့် ဥပဒေကြမ်းထဲမှာတော့ ကာလုံနဲ့ ပတ်သက်ပြီး လုပ်နည်း လုပ်ဟန်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ အခန်း(၄) ကောင်စီ အစည်းအဝေးများ ဆိုတဲ့ အခန်းမှာဖြစ်ပါတယ်။ အဲဒီမှာ ဖော်ပြချက်အရ ကောင်စီ အစည်းအဝေးကို တစ်လမှာ အနည်းဆုံး နှစ်ကြိမ် လုပ်ရမယ်၊ ကောင်စီဝင် ဦးရေ ၃၀ ရာခိုင်နှုန်းက တောင်းဆိုရင် အစည်းအဝေး ခေါ်ရမယ်၊ နောက် လူဦးရေ ဘယ်လောက် တက်ရင် အစည်းအဝေး အထမြောက်တယ် စတာတွေ ဖော်ပြထားပါတယ်။ ဝေဖန်သူတွေ အဓိက ထောက်ပြတာက ကောင်စီရဲ့ ဆုံးဖြတ်ချက် ချပုံဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အားလုံး သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် လိုအပ်ရင် မဲခွဲမယ်၊ မဲခွဲရင် သမ္မတက မဲမပေးရဘူး၊ မဲချင်းတူနေမှ မဲပေးရမယ်၊ များရာ ဆန္ဒကို အတည်ယူပြီး အကောင်အထည် ဖော်ရမယ် ဆိုတဲ့ အချက်တွေပါပဲ။ မှန်ပါတယ်။ ဒီ အခန်းပါ အချက်တွေအတိုင်းသာ ပြဌာန်းလိုက်ရင် တပ်မတော်ဟာ သမ္မတ ဦးဆောင်တဲ့ အရပ်သား အစိုးရကို လွှမ်းမိုးလို့ ရသွားနိုင်ချေ ရှိပါတယ်။

ဒါပေမယ့် ဒီကိစ္စ ပူစရာ မလိုပါဘူး။ အခု လွှတ်တော် သက်တမ်းမှာကိုပဲ အဲဒီ အချက်တွေ ပါဝင်တဲ့ ဥပဒေ တစ်ခု အတည်ပြုဖို့ မလွယ်ကူပါဘူး။ တကယ်လို့ ဇွတ် အတည်ပြုလိုက်ရင်တောင် သိပ်မကြာခင် ခေါ်ယူတော့မယ့် ဒုတိယအကြိမ် လွှတ်တော်မှာ အင်န်အယ်လ်ဒီ ပါတီဟာ အလွယ်တကူ ပြင်ဆင်မှုတွေ လုပ်လို့ ရနေပါတယ်။

တကယ်တော့ လာမယ့် အချိန် တိုင်းပြည်ကို အုပ်ချုပ်ကြမှာဟာ တပ်မတော် ခေါင်းဆောင် တစ်ယောက်နဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လူထု ခေါင်းဆောင် တစ်ယောက်က ပူးတွဲ အုပ်ချုပ်ကြမယ့် အခင်းအကျင်းမျိုးပါ။ ဒီလို အခြေအနေမှာ တစ်ဖက်က တစ်ဖက်ကို လွှမ်းမိုးဖို့ အတင်းအကြပ် ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ ကာလုံထဲမှာလည်း အလားတူပါပဲ။ စစ်ဗိုလ်ချုပ်တွေနဲ့ အရပ်သားတွေ အတူတကွ လက်တွဲ အလုပ်လုပ်ကြဖို့ လိုပါတယ်။ အဲဒီလို အတူတကွ လက်တွဲ လုပ်ကိုင်၊ တစ်ဖက်ကို တစ်ဖက် စည်းရုံးကြရင်း နောင် အနာဂတ် မြန်မာပြည်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပုံဖော်သွားကြရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဖြန့်ဝေထားပြီးသား ကာလုံ ဥပဒေကြမ်းဟာလည်း လာမယ့် အစိုးရသစ်ကို ဘယ်လိုမှ ခြိမ်းခြောက်မှု ဖြစ်စေမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly