The Monk ရုပ်ရှင် ဇာတ်ကား ပြင်သစ်နိုင်ငံတွင် ပြသမည်

The Monk ရုပ်ရှင် ဇာတ်ကား ပြင်သစ်နိုင်ငံတွင် ပြသမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြင်သစ်နိုင်ငံ ပင်လယ် ဆိပ်ကမ်းမြို့ La Rochelle လာရိုချဲလ်မြို့တွင် ဇွန်လမှ စတင် ကျင်းပမည့် လာရိုချဲလ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် The Monk ဇာတ်ကားကို ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ  ဇာတ်ကား၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ၄၃ ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ဇွန်လ ၂၆ မှ ဇူလိုင် ၅ ရက် နေ့အထိတွင် လာရိုချဲလ်မြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ထို ရုပ်ရှင်ပွဲတော်တွင် The monk ဇာတ်ကား ပြသရန်အတွက် ရွေးချယ်ထားကြောင်း အကြောင်းကြားလာခြင်း ဖြစ်ပြီး ယင်းပွဲတော်တွင် အခြားသော ရုပ်ရှင်ပွဲတော်များမှ ဆုရထားသည့် ဇာတ်ကားများကိုသာ အဓိက ရွေးချယ်ပြသခြင်း ဖြစ်သည်။

လာရိုချဲလ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သည် ပြိုင်ပွဲများ ၊ ဆုများ ပေးအပ်သည့် ရုပ်ရှင်ပွဲမျိုး မဟုတ်ပဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ လူအများ ဇာတ်ကားကောင်းများ တစုတစည်းထဲ ကြည့်ရူ နိုင်အောင် ရည်ရွယ်ခြင်း ဖြစ်သည်။

The Monk ရုပ်ရှင် ဇာတ်ကားသည် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးက မွေးစားလိုက်၍  ကိုရင်ဖြစ်နေသော်လည်း သူ့ဘဝအတွက် တကယ်တမ်းဘာလုပ်ချင်သည်။ ဘာလုပ်သင့်သည် ဆိုခြင်းကို၎င်းကိုယ်တိုင်  ပြန်ဆန်းစစ်ပြီး အခက်အခဲများ ရင်ဆိုင်ကာနောက် ဆုံးတွင်ရွေးချယ်သည့် လမ်းကိုသတ္တိရှိရှိလျှောက်လှမ်းသွားသူတစ်ယောက် အကြောင်း တင်ပြထားသည့်တစ်နာရီခွဲစာ ဇာတ်လမ်း ရုပ်ရှင် ဖြစ်သည်။

The Monk ရုပ်ရှင် ဇာတ်ကားကို ၂၀၁၄ ခုနှစ် ဇူလိုင်လ၌ ဥရောပတွင် ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကာလိုဗိဗာရီ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်၏ Forum of independence film တွင် အဖွင့် ဇာတ်ကား အနေဖြင့် ပြသခွင့် ရခဲ့သည်။ ၂၀၁၄ ၊ သြဂုတ်လတွင် ရိုမေးနီးယား နိုင်ငံ၌ ပြုလုပ်သည့် Anonimul International Independence Film Festival ပွဲတွင်လည်း  ရွေးချယ် ပြသခြင်း ခံခဲ့ရပြီး Premiere Special Award ဆုကို ရရှိခဲ့သည်။

The Monk ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်း မှ ဇာတ်ညွှန်း ရေးသားထားပြီး ဇာတ်လမ်း ရိုက်ကူးရန် ၂၀၁၂ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့ကာ ဒါရိုက်တာ သည်မော်နိုင်က ရိုက်ကူးပုံဖော်ထားသည်။

The Monk ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဧပြီ ၂၄  နှင့် ၂၅ ရက်တွင် အမေရိကန် ဝါရှင်တန် မြို့တော်တွင် ကျင်းပခဲ့သည့် ဝါရှင်တန် နိုင်ငံတကာ ရုပ်ရှင်ပွဲတွင် ပြသခဲ့ပြီး အမေရိကန်တွင် ပြသသည်မှာ နှစ်ကြိမ် ရှိပြီ ဖြစ်ကာ ပထမအကြိမ်သည် ကယ်လီဖိုနီးယားတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက် မှ ၁၂ အထိ ကျင်းပပြုလုပ်သည့် Palm Spring film festival ၌ပြသခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly