ဒဏ်ရာပြဿနာရှိနေသည့် သြစတြေးလျ နောက်ခံလူသစ် မီလန် နေရာ အစားထိုးရန် ရန်ကုန်အသင်း စီစဉ်

ဒဏ်ရာပြဿနာရှိနေသည့် သြစတြေးလျ နောက်ခံလူသစ် မီလန် နေရာ အစားထိုးရန် ရန်ကုန်အသင်း စီစဉ်
သြစတြေးလျနောက်ခံလူ မီလန်နေရာ အစားထိုးရန် ဂျပန်နောက်ခံလူတစ်ဦး ခြေစွမ်းလာရောက် စမ်းသပ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၂၈၊ ရန်ကုန် ။          ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီအတွက် ခေါ်ယူထားသည့် သြစတြေးလျ နောက်ခံလူသစ် မီလန်အား ဒဏ်ရာပြဿနာကြောင့် ၎င်းနေရာ အစားထိုးရန် စီစဉ်လျက်ရှိသည် ဟု ရန်ကုန်အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်အသင်းသည် အဆိုပါ နောက်ခံလူ မီလန် အစား အာရှသားတစ်ဦး ထပ်မံခေါ်ယူရန် ဂျပန်၊ ကိုရီးယား အစရှိသည့် နောက်ခံကစားသမားများအား ခြေစွမ်းခေါ်ယူ စမ်းသပ်လျက်ရှိသည်။

“ မီလန်က အဓိက ဒဏ်ရာပြဿနာကြောင့်ပါ။ အခြား ဘာပြဿနာမှ မရှိပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာ ဒဏ်ရာရသွားတာပါ။ အနည်းဆုံး တစ်လ လောက်နားရမယ် ဆိုတော့ အသင်းကလည်း ရာသီအစပွဲတွေရှိနေတော့ အစားထိုးဖို့ ကြိုးစားတာပါ။

အခု ဂျပန်၊ ကိုရီးယား နောက်ခံလူတွေ ခြေစွမ်းစမ်းဖို့ ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း အမြန်ဆုံးဖြတ်သွားမှာပါ။ မီလန်နဲ့က စာချုပ်ဖျက်တာမျိုး မရှိသေးပါဘူး။ သူဒဏ်ရာကြောင့် အခြားကစားသမားတစ်ဦး ရမယ်ဆိုရင် အစားထိုးဖို့ စီစဉ်တာမျိုးပါ ” ဟု သြစတြေးလျ နောက်ခံလူ မီလန်နှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိတွင် နိုင်ငံခြားသားကစားသမား လေးဦးအထိ ခေါ်ယူထားပြီး ဘရာဇီးတိုက်စစ်မှူးအဖြစ် အက်ဒီဆင်၊ မာဆယ်လို၊ သြစတြေးလျနောက်ခံလူ မီလန်ဆူဆက်နှင့် ပြီးခဲ့သည့်ဘောလုံးရာသီတွင် လက်စွမ်းပြခဲ့သည့် ဂိုးသမား ဖာနန်ဒို တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly