မြောက်ကိုရီးယား၏ ကိုယ်ပိုင်ကွန်ပျူတာ လုပ်ငန်းစနစ်က မယုံသင်္ကာစိတ်ကြီးမားသည့် နိုင်ငံရေးစနစ်ကို ထင်ဟပ်နေဟုဆို

မြောက်ကိုရီးယား၏ ကိုယ်ပိုင်ကွန်ပျူတာ လုပ်ငန်းစနစ်က မယုံသင်္ကာစိတ်ကြီးမားသည့် နိုင်ငံရေးစနစ်ကို ထင်ဟပ်နေဟုဆို

ဆိုးလ်၊ ဒီဇင်ဘာ - ၂၈ ။          ။ ဂျာမန်သုတေသီနှစ်ယောက်က ကုတ်စနစ်များကို သုတေသနပြုကြည့်ရာတွင် တစ်ဦးတည်းသွား ချဉ်းကပ်မှုဖြင့် မယုံသင်္ကာစိတ်များလွန်းသည့်အပြင် အသုံးပြုသူများကိုလည်း ကျူးကျော်ထောက်လှမ်းနေသောကြောင့် မြောက်ကိုရီးယား၏ ကွန်ပျူတာလုပ်ငန်းစနစ်မှာ ၎င်း၏ နိုင်ငံရေးစနစ်ကို ထင်ဟပ်ထားခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

အထီးကျန်ဧကစာကျင့်နေသည့် နိုင်ငံ၏ ကြယ်နီလုပ်ငန်းစနစ် (Red Star OS)ကို နက်နက်ရှိုင်းရှိုင်း မွှေနှောက်ကြည့်ရာတွင် ပြုံယမ်းအနေဖြင့် တစ်ဖက်က အိုင်ဒီယာနှင့် ယဉ်ကျေးမှုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း၊ အခြားတစ်ဖက်တွင် ကွန်ပျူတာနှင့် အင်တာနတ်၏ အကျိုးကျေးဇူးများကို အသုံးချရန်ကြိုးစားရာတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖော်ပြနေသည်ဟု ဆိုသည်။

သုတေသီများဖြစ်ကြသည့် ဂျာမန် အိုင်တီလုံခြုံရေးကုမ္ပဏီ ERNW GmbHမှ ဖလိုရီရင် ဂူနော့နှင့် နစ်ကလော့ ရှီရက်စ်တို့နှစ်ဦးက ၎င်းတို့၏ တွေ့ရှိချက်များကို တနင်္ဂနွေနေ့တွင် ကျင်းပမယ့် ဟက်ကာများနှင့် လုံခြုံရေးသုတေသီများ၏ အစည်းအဝေးဖြစ်သည့် Chaos Communication Congress သို့ မတင်ပြမီတွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

သုတေသီနှစ်ဦးက မြောက်ကိုရီးယားပြင်ပ ဝဘ်ဆိုက်တစ်ခုမှ ဆော့ဖ်ဝဲကို ဒေါင်းလုပ်ဆွဲချပြီး ကုတ်များကို အသေးစိတ်လေ့လာကြည့်ရာတွင် လုပ်ငန်းစနစ်မှာ သူတို့ထင်ထားသလို အနောက်ပုံစံကို မိတ္တူပွားထားခြင်းသက်သက်မဟုတ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

‘ကွယ်လွန်သွားတဲ့ခေါင်းဆောင် ကင်ဂျုံအီးက မြောက်ကိုရီးယားဟာ ကိုယ်ပိုင် လုပ်ငန်းစနစ်တစ်ခုကို တီထွင်သင့်တယ်လို့ ပြောကြားခဲ့တယ်။ ဒါ့ကြောင့် သူတို့ ကိုယ်ပိုင်လုပ်ငန်းစနစ်ကို လုပ်ခဲ့ကြတာပါ’’ဟု ဂရူနော့က ပြောကြားခဲ့သည်။

နိုင်ငံပြင်ပ အင်တာနတ်နှင့် မချိတ်ဆက်ဘဲ၊ နိုင်ငံပိုင်မီဒီယာနှင့် အခြားခွင့်ပြုထားသည့် ဝဘ်ဆိုက်များကိုသာ ချိတ်ဆက်အသုံးပြုနိုင်သော အကန့်အသတ်ကြီးမားသည့် အင်ထရာနတ်စနစ်သာ ရှိသေးသည့် မြောက်ကိုရီးယားမှာ ကိုယ်ပိုင်လုပ်ငန်းစနစ်ကို တီထွင်နေခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်လာခဲ့ပြီ ဖြစ်သည်။

၂၀၁၃ခုနှစ်တစ်ဝိုက်က ရေးသားခဲ့သည့် ယခုနောက်ဆုံးပေါ် ဗားရှင်းမှာ ဖီဒိုရာ၏ ခေါ်သည့် Linuxဗားရှင်းတစ်ခုအပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး သူ၏ ဖခင်ကဲ့သို့ပင် Apple၏ Macs လုပ်ငန်းစနစ်အနီးတွင် ဓာတ်ပုံအရိုက်ခံခဲ့သည့် ကင်ဂျုံအန်၏ အကြိုက်ကို လိုက်၍ ရေးသားထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

သို့ရာတွင်မူ အလုပ်လုပ်သည့်ပုံစံတွင်မူ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖိုင်များကို သင်္ကေတပြုထားသောကြောင့် တမူထူူးခြားသည့်အရာများ များစွာပါဝင်နေသည်ဟု ဆိုသည်။ ကုတ်အများစုကို ထိန်းချုပ်ထားတဲ့ တင်းပြည့်ကျပ်ပြည့် လုပ်ငန်းစနစ်ပါပဲဟု ဂရူနော့က ပြောသည်။

ထို ကိုယ့်နည်းကိုယ့်ဟန်ပုံစံမှာ မြောက်ကိုရီးယားအနေဖြင့် ထောက်လှမ်းရေးအေဂျင်စီများက လက်လွှတ်ပေးရမည့် ကုတ်စနစ်မှန်သမျှကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အကြောက်တရားက မောင်းနှင်တဲ့ လုပ်ငန်းစနစ်တစ်ခုပါ။ အခြားသူတွေက သူတို့ကို စုံစမ်းထောက်လှမ်းလာနိုင်စေမယ့် အနောက်ဘက် တံခါးတွေကို ကြောက်တာကြောင့် အခြားလုပ်ငန်းစနစ်တွေအပေါ် လုံး၀ အမှီခိုကင်းချင်နေတာပါ’ဟု ဂရူနော့က ပြောကြားသည်။

ဤလုပ်ငန်းစနစ်ကို ကွန်ပျူတာမည်မျှတွင် မောင်းနှင်နေပြီဆိုသည်ကိုလည်း မသိနိုင်သေးကြောင်း ဂရူနော့နှင့် ရှီရက်စ်တို့က ပြောကြားသည်။

မြောက်ကိုရီးယားတွင် တစ်ကိုယ်ရေသုံးကွန်ပျူတာ အသုံးပြုမှုမှာ မြင့်တက်လာနေလျှက်ရှိပြီး ကွန်ပျူတာအများစုမှာ ယခုအခါ ၁၅နှစ်နီးပါး သက်တမ်းရှိပြီဖြစ်သည့် Windows XP လုပ်ငန်းစနစ်များကို အသုံးပြုနေကြဆဲဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly