တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းပေါ်သို့ ဖိလစ်ပိုင်ဆန္ဒပြသူများတက်ရောက်

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းပေါ်သို့ ဖိလစ်ပိုင်ဆန္ဒပြသူများတက်ရောက်

မနီလာ၊ ဒီဇင်ဘာ ၂၈ ။            ။ ကန့်ကွက်ဆန္ဒပြသည့် ဖိလစ်ပိုင်နိုင်ငံသားအဖွဲ့တစ်ဖွဲ့သည် တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်က ထိန်းချုပ်ထားသော အငြင်းပွားကျွန်းတစ်ခုပေါ်သို့ ခြေချခဲ့ကြ သည်ဟု ဒေသခ ဆိုင်ရာအစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၇က ပြောကြားခဲ့ရာ တရုတ်ထံမှ ပြင်းထန်သည့်တုံ့ပြန်မှုနှင့် ပေါ်လာနိုင်သည်။

ကျောင်းသားအများစုပါဝင်သော ဆန္ဒပြသူ ၅၀ခန့်သည် ဒီဇင်ဘာ ၂၆က စပရက်တလီကျွန်းစုရှိ ပါဂါဆာကျွန်းသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့က ပေကျင်းသည် ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်ထဲသို့ တဖြည်းဖြည်းကျူးကျော်နေသည်ဟု ပြောကြားလျက်ရှိကြောင်း ယင်းကျွန်း၏ မြို့တော်ဝန် ယူဂျင်နီယိုဘီတိုအိုနွန်က ပြောကြားသည်။

ဆန္ဒပြသူများအဖွဲ့သည် ဒီဇင်ဘာ ၂၆၊ နံနက်၈နာရီခွဲခန့်က ဘာလာဘက်ကျွန်းမှ ရောက်ရှိလာခဲ့သည်ဟု အိုနွန်က ရိုက်တာသို့ ပြောသည်။ ပင်လယ်ခရီးရှည်ကိုသွားရန် ဆန္ဒပြသူများသည် ရာသီဥတုသာယာချိန် ဒီဇင်ဘာ ၂၄က တောင်ပိုင်းရှိ ပါလာဝန်မှ ထွက်ခွာလာခဲ့သည်ဟု ၎င်းကဆိုသည်။

ကြီးမားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်ကြီးရှိသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံတန်ဘိုးရှိသော ကုန်စည်များ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းလျက်ရှိသည်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း တရုတ်နှင့်အပြိုင် တောင်တရုတ်ပင်လယ်တွင် ၎င်းတို့၏ ပိုင်နက်နယ်မြေများရှိသည်ဟု ပြောကြားလျက်ရှိသည်။

၎င်းတို့၏ ခရီးစဉ်အား မျိုးချစ်စိတ်ရှိသော ရေလမ်းခရီးဟု ဆန္ဒပြသူများက ခေါ်ဆိုခဲ့ကြပြီး ဆန္ဒပြသူများကို မရိန်းကပ္ပတန်ဟောင်းတစ်ဦးက ဦးဆောင်ကာ တရုတ်ကို အာခံသည့်သင်္ကေတအဖြစ် ပါဂါဆာတွင် သုံးရက်ကြာ စခန်းချရန် စီစဉ်ခဲ့သည်။ "ကျွန်တော်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်ကို တရုတ်က ကျူးကျော်မှုနဲ့ ပတ်သက်လို့ အမှန်တရားကို စကားလှလှတွေနဲ့ ဖုံးကွယ်မထားဘဲ ပြည်သူတွေကို အမှန်အတိုင်း အသိပေးဖို့ နိုင်ငံရဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်"ဟု ဆန္ဒပြသူများက ဖေ့စ်ဘွတ်ရှိ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

ယခုလအစောပိုင်းက တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းတစ်ခုကြောင့် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအကြောင်းပြချက်များဖြင့် အငြင်းပွားရေးရေပိုင်နက်သို့ မသွားရေး အစိုးရနှင့် စစ်ဘက်အရာရှိများက တားဆီးရန် ကြိုးစားခဲ့သည်။

ဆန္ဒပြသူများ၏ ခရီးစဉ်ကို ဖိလစ်ပိုင်စစ်တပ်က အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်ပါက အကူအညီပေးသွားမည်ဖြစ်ကြောင်း သမ္မတဘီနစ်နိုအကွီနို၏ ပြောခွင့်ရအမျိုးသားတစ်ဦးက ဒီဇင်ဘာ ၂၇က ရေဒီယိုအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly