တစ်အိမ်ထောင် ကလေးတစ်ဦးပေါ်လစီ တရုတ်တွင် အဆုံးသတ်

တစ်အိမ်ထောင် ကလေးတစ်ဦးပေါ်လစီ တရုတ်တွင် အဆုံးသတ်

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ။             ။ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ များပြားခြင်းနှင့် အလုပ်သမားအင်အား နည်းပါးလာခြင်းတို့အား ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားမှုတစ်ရပ်အဖြစ် အိမ်ထောင်သည် စုံတွဲအားလုံးအား ဒုတိယမြောက်ကလေး ယူခွင့်ပြုသည့် ဥပဒေကို ဒီဇင်ဘာ ၂၇ ရက်က လက်မှတ်ရေးထိုးလိုက်ပြီး နိုင်ငံ၏ ကလေးတစ်ဦးပေါ်လစီကို အဆုံးသတ်လိုက်ပြီဖြစ်သည်။

အာဏာရကွန်မြူနစ်ပါတီက ယင်းအပြောင်းအလဲကို အောက်တိုဘာလအတွင်းက ကြေညာထားခြင်းဖြစ်ပြီး ဥပဒေအသက်ဝင်မှုက ဇန်နဝါရီ ၁ ရက်နေ့မှ စတင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြသည်။

အားလုံးသောအိမ်ထောင်သည်စုံတွဲများအနေဖြင့် ဒုတိယမြောက် ကလေးယူနိုင်ခွင့်ကို ခွင့်ပြုလိုက်ပြီးဖြစ်သော်လည်း နောက်တိုးကလေးများ ထပ်ယူခြင်းတွင်မူ ဥပဒေအရ ကန့်သတ်ထားဆဲဖြစ်သည်။

၁၉၇၀ နောက်ပိုင်းနှစ်များမှ စတင်ကျင့်သုံးခဲ့သည့် ကလေးတစ်ဦးနှုန်းပေါ်လစီသည် အိမ်ထောင်သည်များကို ကလေးတစ်ဦးသာ ယူခွင့်ကန့်သတ်ထားသည့် ဥပဒေဖြစ်သည်။ ယင်းဥပဒေက တရုတ်၏ စီးပွားရေးပွင့်လန်းမှုကို အဓိကအထောက်အကူပြုကြောင်း အာဏာပိုင်များဖက်က နှစ်နှင့်ချီ၍ ခုခံငြင်းဆန်ခဲ့သည်။ ယင်းဥပဒေအားဖြင့် တရုတ်တွင် ကလေးဦးရေ သန်း ၄၀၀ မမွေးဖွားဖြစ်အောင် တားဆီးခဲ့သည်။

ဥပဒေအား ချိုးဖောက်သူများကို ဒဏ်ရိုက်ခြင်းစနစ်ဖြင့် အမျိုးသားကော်မရှင်က ဥပဒေအာဏာသက်ဝင်စေခြင်းဖြစ်ပြီး မကြာခဏဆိုသကဲ့သို့ ကိုယ်ဝန်ဖျက်ချခြင်းများ ဖြစ်ရသည်။ ယင်းဥပဒေပေါ်လစီကြောင့် မိဘဖြစ်လာမည့်သူများအတွက် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်များလည်း ဖြစ်ပွားပေါ်ပေါက်စေရသည်။

တရုတ်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုတွင် သားယောက်ကျားလေးမွေးဖွားခြင်းကို ပို၍နှစ်သက်လိုလည်းသည့် ဓလေ့က ရာစုနှစ်ချီကြာ တည်မြဲနေခြင်းဖြစ်ရာ မိန်းကလေးမွေးဖွားပါက မွေးကင်းစ ကလေးသတ်မှုများ၊ မိန်းကလေးကိုယ်ဝန်ဖျက်ချခြင်းများ အဆိုပါ ကလေးတစ်ဦးနှုန်းပေါ်လစီကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly