ဒုက္ခသည်ကလေးများကို စာသင်ပေးရန် ဂျာမနီက ကျောင်းဆရာ ၈,၅၀၀ အသစ်ခန့်အပ်

ဒုက္ခသည်ကလေးများကို စာသင်ပေးရန် ဂျာမနီက ကျောင်းဆရာ ၈,၅၀၀ အသစ်ခန့်အပ်

ဘာလင်၊ ဒီဇင်ဘာ ၂၈ ။             ။ ၂၀၁၅ အကုန်တွင် အသစ်ရောက်လာသည့် ဒုက္ခသည်အရေအတွက်ကြောင့် ဒုက္ခသည်အရေအတွက်မှာ သန်းဂဏန်းကျော်မည်ဟု ဂျာမနီက ခန့်မှန်းထားရာ ဂျာမနီရှိ ဒုက္ခသည်ကလေးများကို စာသင်ပေးရန် ကျောင်းဆရာ ၈,၅၀၀ကို ဂျာမနီက အသစ်ခန့်အပ်လိုက်ပြီဖြစ်သည်ဟု Die Welt နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

စစ်ပွဲနှင့် ဆင်းရဲမွဲတေမှုကြောင့် ယခုနှစ်တွင် ဂျာမနီပညာရေးစနစ်အတွင်းသို့ ဝင်ရောက်လျက်ရှိသော ကလေးမှာ ၁၉၆,၀၀၀ဦးခန့်ရှိနေရာ အသစ်ရောက်လာသော ကလေးများအား ၎င်းတို့နှင့် သက်တူ ကလေးများအား စာအမီလိုက်နိုင်ရန် အထူးတန်း ၈,၂၆၄ တန်းကို ဖန်တီးခဲ့သည်ဟု ပြည်နယ် ၁၆ခုတွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုကို ကိုးကား၍ Die Welt ကဖော်ပြခဲ့သည်။

နိုင်ငံတစ်ဝန်း နောက်ထပ်ကျောင်းဆရာအသစ် ၈,၅၀၀ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အဆိုးဝါးဆုံး ရွှေ့ပြောင်းအခြေချသူ အကျပ် အတည်းနှင့် ရင်ဆိုင်နေရစဉ် ဂျာမနီ ပညာရေးအာဏာပိုင်၏ ထုတ်ပြန်ချက်အရ ကျောင်းနေရွယ်ကလေးငယ် ၃၂၅,၀၀၀ဦးခန့်မှာ ၂၀၁၅တွင် ဂျာမနီသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ခိုလှုံခွင့်တေင်းခံသူအရေအတွက်မှာ တစ်သန်းကျော်မည်ဟု ဂျာမနီက မျှော်လင့်ထားရာ ၂၀၁၄ခုနှစ်ကထက် ငါးဆပိုများလာပြီး အသစ်ရောက်လာသူအားလုံးအတွက် ဝန်ဆောင်မှုပေးနိုင်စွမ်း အပေါ် ဝန်ပိလျက်ရှိသည်။

"စာသင်ကျောင်းနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုစိန်ခေါ်မှုမျိုးနဲ့ တစ်ခါမှ ရင်မဆိုင်ရဘူး"ဟု ပညာရေးအာဏာပိုင်အဖွဲ့ကို ဦးဆောင်သူ ဘရွန်ဟိုင်းကာ့သ်က Die Welt သို့ပြောသည်။ အမှန်တကယ်လိုအပ်ချက်မှာ နောက်ထပ်ဆရာ ၂၀,၀၀၀ခန့်ဖြစ်သည်ဟု DPhV ဆရာများသမဂ္ဂအဖွဲ့အကြီးအကဲ ဟိန့်ဇ်မေးဒင်ဂါက ပြောသည်။ "လာမဲ့နှစ် နွေရာသီလောက်ဆိုရင်တော့ ဒီလိုအပ်ချက်ကို ကျွန်တော်တို့ဖြည့်ဆီးမှာပါ"ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly