ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံဘက်သို့ မကူးကြရန် ထိုင်းနယ်စပ်အာဏာပိုင်များ သတိပေးထား

ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံဘက်သို့ မကူးကြရန် ထိုင်းနယ်စပ်အာဏာပိုင်များ သတိပေးထား

ထိုင်းနှင့် မြန်မာနယ်စပ် နယ်မြေများတွင် ထိုင်းအာဏာပိုင်များက ၎င်း၏ နိုင်ငံသားများအား လက်ရှိအချိန်၌ မြန်မာဖက်ခြမ်းသို့ သွားလာခြင်းမပြုကြရန် ဒီဇင်ဘာ ၂၆ ရက်က သတိပေးချက်များ ထုတ်ခဲ့ကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် နယ်စပ်တစ်လျှောက်တွင် လူထောင်ပေါင်းများစွာ ဆန္ဒပြမှုများ ဖြစ်ပွားနေ၍ ယခုကဲ့သို့ သတိပေးချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံတွင်း တာချီလိတ်အပါအဝင် နယ်စပ်မြို့များတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ထိုင်းတရားရုံးက သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဆန္ဒပြသမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တာချီလိတ်ဆန္ဒပြသမှုတွင် လူပေါင်း ၂၀၀၀ နီးပါး ပါဝင်ခဲ့ကြသည်။ ဆန္ဒပြခေါင်းဆောင်များက ထိုင်းအစိုးရကိုယ်စားလက်ခံသည့် ထိုင်းနယ်စပ်အာဏာပိုင်များထံ စာရေးသားပေးပို့ခဲ့ကြပြီး တရားမျှတမှုအတွက် တောင်းဆိုခဲ့ကြသည်။ ထိုင်းအာဏာပိုင်များဖက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်ဂိတ်ကို ယာယီပိတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly