မြန်မာဘက်က ဘုရားသုံးဆူနယ်စပ်ကို ပိတ်ထား

မြန်မာဘက်က ဘုရားသုံးဆူနယ်စပ်ကို ပိတ်ထား

ထိုင်းနိုင်ငံ ကန်ချန်နာဘူရီပြည်နယ် ဘုရားသုံးဆူလမ်းတစ်ဖက်ရှိ မြန်မာဘက်ခြမ်းရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်များက ပိတ်လိုက်ကြောင်း ထိုင်းစစ်တပ်မှ တပ်မှူးတစ်ဦးက ပြောသည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့ဖက်ခြမ်းရှိ ဘုရားသုံးဆူ အဝင်ပေါက်ကို ပုံမှန်အတိုင်း ဖွင့်ထားသော်လည်း မြန်မာဘက်ခြမ်း ဘုရားသုံးဆူဂိတ်တွင် ထိုင်းပြည်သူများနှင့် ခရီးသွားဧည့်သည်များကို မြန်မာအာဏာပိုင်များဖက်က ဝင်ခွင့်မပြုတော့ဘဲ ပိတ်ထားကြောင်း ကန်ချန်နာဘူရီနှင့် အနီးနားပြည်နယ်များ ကွပ်ကဲရေး စစ်ဒေသ အမှတ် ၉ ခြေလျင်တပ်မ တပ်မှူး ဗိုလ်ချုပ် တမ်မန်နွန်က ပြောသည်။

ထိုပြင် ဘုရားသုံးဆူရှိ မြန်မာများက လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ပေးခြင်းကို ဆန္ဒပြသည့်အနေဖြင့်  ဒီဇင်ဘာ ၂၈ ရက်မှစကာ သုံးရက်ကြာ ဆန္ဒပြသမှုလုပ်ဆောင်ရန် စီစဉ်နေသည့် သတင်းများလည်း ရရှိထားကြောင်း ၎င်းက ပြောသည်။

ထိုင်းစစ်သားများအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ထိုင်းနိုင်ငံဖက်ခြမ်းတွင်ရှိနေသော မြန်မာအလုပ်သမားများနှင့် တွေ့ဆုံကာ လူသတ်မှုနှင့် ပတ်သက်သည့် တရားရေးစီရင်မှုများကို ရှင်းပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရခြင်း၌ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးမှာ အပြစ်ရှိသည် ဆုံးဖြတ်ကာ ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ရည်ညွန်းပြောကြားခြင်းဖြစ်သည်။

ယခု သေဒဏ်သည် ပထမတရားရုံး စီရင်ချက်သာဖြစ်၍ အစိုးရိမ်စိတ်များ ဝင်နေသည့် ပြည်သူများအနေဖြင့် သိပ်စိတ်မပူသင့်ကြောင်း၊ အမှုအား အယူခံခုံရုံးနှင့် အထက်ခုံရုံးများသို့ တင်ကာ နောက်ပိုင်း ဆက်လက်စစ်ဆေးကြားနာဖို့ အခွင့်အလမ်း ရှိနေကြောင်း ဗိုလ်ချုပ် တမ်မန်နွန်က ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဘုရားသုံးဆူဖက်ခြမ်းတွင် ထိုင်းပြည်သူများနှင့် ကမ္ဘာ့လှည့်ခရီးသည်များ နှစ်သစ်ကူးအတွက် အများအပြားရောက်ရှိနေပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များဖက်က နယ်စပ်ဂိတ်ကို လုံခြုံရေးအကြောင်းပြချက်ကြောင့် ပိတ်ထားလျက်ရှိကြောင်း၊ ထိုင်းဖက်ပိုင်း၌ ဆန္ဒပြမှုများ မဖြစ်ပွားအောင် ထိန်းချုပ်ရန်နှင့် ဆန္ဒပြသူများ ထိုင်းသို့ မဝင်ရောက်နိုင်ရန် တားဆီးပေးသွားမည်ဖြစ်ကြောင်း မြန်မာစစ်သားများဖက်က ကတိပြုပြောကြားထားသည်ဟု ဆန်ခလာဘူရီခရိုင် အုပ်ချုပ်ရေးအကြီးအကဲ ပတ်ခွန်ကလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly