ရနောင်းကျောင်းသူလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးအား ထိုင်းရဲက နှိပ်စက်ဝန်ခံခိုင်းခဲ့ဟုဆို

ရနောင်းကျောင်းသူလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးအား ထိုင်းရဲက နှိပ်စက်ဝန်ခံခိုင်းခဲ့ဟုဆို

ထိုင်းနိုင်ငံ ရနောင်းတွင် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အသက် ၁၇ ကျောင်းသူတစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးက ၎င်းတို့ကို အပြစ်ဝန်ခံအောင် ထိုင်းရဲများက နှိပ်စက်ထွက်ဆိုခိုင်းခဲ့ကြောင်း ပြောသည်။

စက်တင်ဘာ ၂၈ ရက် ညက ကျောင်းသူ အိုရာဝီဆမ်ပါအိုတန်အား လူမဆန်စွာ ဓားဖြင့်ထိုးသတ်ခြင်းအမှုတွင် မိုးဇင်အောင်(၁၉နှစ်)၊ ဇော်လေး(၂၅နှစ်)၊ မန်ဆန်း(၂၀)နှင့် ကျော်စိုးဝင်း(၁၉နှစ်)တို့က ဝန်ခံထွက်ဆိုထားခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရနောင်းအကျဉ်းထောင်သို့ ဘန်ကောက်ပို့စ်က သွားရောက်မေးမြန်းခဲ့ရာတွင် ၎င်းတို့က အိုရာဝီအား သတ်ရခြင်းမရှိကြောင်း ပြောခြင်းဖြစ်သည်။

“ရဲတွေက ကောင်မလေးကို သတ်မှုနဲ့ ကျွန်တော်တို့ကို စွပ်စွဲကြတယ်။ ကျွန်တော်တို့က ငြင်းတာနဲ့ လည်ပင်းညှစ်ကြပါတယ်။ လက်သီးနဲ့လည်း ထိုးကြတယ်။”ဟု သံသယဖြင့် ဖမ်းဆီးခံထားရသည့် အားလုံးကို ကိုယ်စားပြုပြီး ကျော်စိုးဝင်းက ပြောသည်။

သံသယတရားခံများ၏ ဆွေမျိုးများနှင့် ရှေ့နေများကို မေးမြန်းချက်အရ ၎င်းတို့လေးဦးကို အောက်တိုဘာ ၂၀-၂၄ အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ရက်များစွာ ညှဉ်းပန်းနှိပ်စက်ခံရကြောင်း   ပြောကြသည်။ ထိုင်းရဲများက မျက်နှာအဝတ်ဖုံးထားခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ပလတ်စတစ်အိတ်ဖြင့် အသက်ရူမရအောင် မျက်နှာကို ပိတ်စည်းမွန်းကျပ်စေခြင်းနှင့် ယောက်ကျားငယ်ပါကို ကန်ကျောက်ခြင်းများ စသည်ဖြင့် နှိပ်စက်ကြောင်း ပြောကြသည်။

လူသတ်မှုဖြစ်သည့် နေ့က အဖြစ်အပျက်များကို အချိန်နှင့်တကွ ဖော်ပြသည့် ထွက်ဆိုချက်များကို ရဲများက နှုတ်တိုက်ချပေးခြင်းပင်ဖြစ်ပြီး ယင်းထွက်ဆိုချက်များတွင် ၎င်းတို့က လက်မှတ်ထိုး ခဲ့ရခြင်းဖြစ်ကြောင်း ကျော်စိုးဝင်းက ပြောသည်။ ထွက်ချက်ကို ၎င်းတို့အနေဖြင့် ကြောက်ရွံ၍ လက်မှတ်ရေးထိုးလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
 
လူသတ်မှုဖြစ်ချိန်တွင် အခြားတစ်နေရာ၌ ၎င်းတို့လေးဦး ရှိနေကြသည်ဟု ယုံကြည်ရသည့် လုံခြုံရေးကင်မရာနှစ်ခုမှ ဗီဒီယိုပုံရိပ်များလည်း ရှိထားကြောင်း ရှေ့နေများက ပြောသည်။   ဆေးစစ်ဆေးမှုတွင်လည်း သံသယတရားခံလေးဦးတွင် သုံးဦး၌ ရဲချုပ်နှောင်ခံရစဉ်အတွင်းက ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိထားကြောင်း ဖော်ပြထားသည်။
 
ထိုင်းဥပဒေအရ နှိပ်စက်ညှဉ်းပန်းမှုမှ ရရှိသည့် မည်သည့်သက်သေအချက်အလက်မျိုးကိုမဆို နည်းဥပဒေအရ လက်ခံခြင်း မရှိရပေ။
 
“ကျွန်မက သံသယတရားခံလေးယောက်စလုံး အပြစ်မရှိကြောင်း ပြသနိုင်မည့် လိုအပ်တဲ့ သက်သေအထောက်အထားတွေ ကျွန်မတို့မှာ ရှိထားတယ်လို့ ယုံပါတယ်။”ဟု အမှုတွင် ပါဝင်လိုက်ပါဆောင်ရွက်နေသည့် အမျိုးသမီး ရှေ့နေ ခွန်နန်းယာဆောင်ဆွာမွတ်က ပြောသည်။
 
တရားရုံးတင်ချိန်တွင် ယခု ရဲ၏ ညှဉ်းပန်းနှိပ်စက်ထွက်ဆိုခိုင်းသည့် အချက်အလက်ကို တရားခံများ၏ ထုချေချက်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ခွန်နန်းယာက ပြောသည်။ ၎င်းတို့ လေးဦးအား ဖမ်းဆီးလိုက်ချိန်နှင့် ၎င်းတို့က ခံဝန်ချက်ပေးလိုက်သည့် အချိန်တို့ကလည်း အလွန်တိုတောင်းလွန်းကြောင်း၊ ထို့အတွက်ကြောင့် တရားရုံးအနေဖြင့် ယင်းအချက်က တရားခံများ၏ ဖြောင့်ချက်ပေးခြင်းအပေါ် ယုတ္တိရှိမရှိ စဉ်းစားရလိမ့် အချက်ဖြစ်ကြောင်းလည်း ဆက်လက်ပြောခဲ့သည်။

ဖမ်းဆီးထားသူလေးဦးတွင် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့၏ အသက်အမှန်မှာ မြန်မာနိုင်ငံက ၎င်းတို့ အိမ်ထောင်စုစာရင်းအရ အသက် ၁၅ နှစ်နှင့် ၁၄ နှစ်တို့သာ ရှိသေးကြောင်း သိရ၍ တရားရေးအဖွဲ့တွင် အငြင်းပွားမှုများလည်း ရှိထားသည်။ ၎င်းတို့နှစ်ဦးက ငါးဖမ်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အသက်လိမ်ထားခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်ပြစ်မှုဖြင့် ကြားနာသင့်ကြောင်း ရှေ့နေများက ပြောသည်။
 
အမှုနှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆိုရန် စုံစမ်းရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒုတိယရဲမှူးကြီး ဝတ်တီပွန်ဒင်တွန်က ငြင်းဆန်သောလည်း ဖမ်းထားသူများကို နှိပ်စက်ညဉ်းပန်းခြင်းအကြောင်းကိုမူ မဟုတ်ကြောင်း ငြင်းသည်။
 
ယခုအမှုသည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသည့် လိပ်ကျွန်းက ဗြိတိန်စုံတွဲ လူသတ်မှုနှင့် အမှုသွားအမှုလာတူကြောင်း ရှေ့နေများက ပြောသည်။ လိပ်ကျွန်းလူသတ်မှုနှင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးက ဖမ်းဆီးခံရပြီး သေဒဏ်စတေးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ လိပ်ကျွန်းလူသတ်မှုအား စုံစမ်းစစ်ဆေးမှုတွင် အကြီးတန်း စုံစမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ရဲမှူးကြီး ချက်ပွန်ချီပရီချာက ယခုရနောင်းကျောင်းသူလူသတ်မှု စုံစမ်းစစ်ဆေးရေးမှု၌ ဦးစီးဆောင်ရွက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly