စမတ်ဖုန်းများက နှလုံးခုန်စက်များ၏ အလုပ်ကို နှောင့်ယှက်နိုင်ဟုဆို

စမတ်ဖုန်းများက နှလုံးခုန်စက်များ၏ အလုပ်ကို နှောင့်ယှက်နိုင်ဟုဆို

(ဘာလင်)။ ။ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွင် အချက်ပြရှုပ်ထွေးမှုများ ဖြစ်ပွားစေနိုင်သောကြောင့် စမတ်ဖုန်းများကို
နှလုံးခုန်စက် (pacemakers)နှင့် နှလုံးညှိစက် (defibrillators) ကဲ့သို့သော ကိုယ်တွင်းထည့် နှလုံး ကိရိယာများမှ ခက်ဝေးဝေးတွင် ထားသင့်သည်ဟု သုတေသနတစ်ရပ်က အကြံပြုထားသည်။

''လူတိုင်းနီးပါးက စမတ်ဖုန်းတွေကို အသုံးပြုနေကြတော့ သိပ်နီးကပ်လွန်းရင် နှလုံး ကိရိယာကို နှောင့်ယှက်မိတာမျိုး
ဖြစ်နိုင်ပါတယ်'' ဟု သုတေသန ခေါင်းဆောင် ဂျာမန်နှလုံးဌာနမှ လျှပ်စစ်ရူပဆိုင်ရာအကြီးအကဲ ခရစ်တော့ဖ် ကော့ဘ်က ဥရောပနှလုံးအသင်းကြီး (ESC)မှ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဤအကြံပြုချက်က ကိုယ်တွင်းထည့် နှလုံးကိရိယာများနှင့် လူများအဖို့ ၎င်းတို့၏ ဖုန်းများကို လွှင့်ပစ်ရမည်ဟုတော့ မဆိုလိုပါ။

''နှလုံးစက်နဲ့ လူတွေလည်း စမတ်ဖုန်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းကို နှလုံးစက်အပေါ်တည့်တည့်တော့ မထားသင့်ပါဘူး'' ဟု ကော့ဘ်က ပြောကြားခဲ့သည်။

ဆိုလိုသည်မှာ နှလုံးစက်အပေါ် အိတ်ကပ်ထဲတွင် ထည့်မထားရန်ပင် ဖြစ်သည်။ ဖုန်းကို နားထောင်မည် ဆိုလျှင်လည်း နှလုံး ကိရိယာထည့်မထားသည့်ဖက်မှ နားထောင်သင့်သည်ဟု ဆိုသည်။

ဤသုတေသန အကြံပြုချက်ကို အမေရိကန်ပြည်ထောင်စုမှ ကျွမ်းကျင်သူ တစ်ဦးကလည်း သဘောတူပါသည်။

''လူနာတွေအနေနဲ့ ထိတ်လန့်စရာတော့ မလိုပါဘူး။ နှလုံး ကိရိယာတွေအပေါ် သက်ရောက်နိုင်မှု အလားအလာက
သေးငယ်လွန်းပါတယ်'' ဟု နယူးယောက်မြို့တော်မှ လျှပ်စစ် ရူပဗေဒပညာရှင် ဒေါက်တာ မာရီနိုအဲက ပြောကြားသည်။ 

ဥရောပ သုတေသီများအလိုရမူ နှလုံးခုန်စက်များက အနီးအနား စမတ်ဖုန်းများမှ ထုတ်လွှတ်သည့် လျှပ်စစ်သံလိုက်လှိုင်းများ ကို နှလုံးအချက်ပြအဖြစ် မှားယွင်းဘာသာပြန်ပြီး နှလုံးခုန်ခြင်းကို ရပ်တန့်ပစ်လိုက်တာမျိုး ဖြစ်နိုင်ကောင်းသည်ဟု ဆိုသည်။

ဤကဲ့သို့ အလုပ်ရပ်စဲမှုမှာ အခိုက်အတန့်မျှသာ ကြာမြင့်နိုင်သော်လည်း လူကို သတိလစ်သွားစေနိုင်သည်ဟု သုတေသီများ က ပြောကြားသည်။ တစ်ချိန်တည်းမှာပင် ကိုယ်တွင်းထည့်နှလုံးကိရိယာက စမတ်ဖုန်းများမှလာသည့် နှောင့်ယှက်လှိုင်းများကို အသက်အန္တရာယ်အဖြစ် မှားယွင်းဘာသာပြန်ပြီး ခုန်ချက်ကို ဖောက်ပြန်စေသောကြောင့် လူနာအနေဖြင့် နာကျင်မှုကို ခံစားရနိုင်သည်ဟုဆိုသည်။

ယခုလက်ရှိတွင်မူ အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ကြီးက ဆဲလ်ဖုန်းများကို ကိုယ်တွင်းထည့် နှလုံး ကိရိယာများမှ အနည်းဆုံး ၅ လက်မမှ ၇ လက်မအထိ ခွာထားရန် အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly