ကွင်းလယ်ကစားသမားဘဝမှ ဂိုးသမားဖြစ်လာတဲ့ ဘတ်ဖွန်ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

ကွင်းလယ်ကစားသမားဘဝမှ ဂိုးသမားဖြစ်လာတဲ့ ဘတ်ဖွန်ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

အီတလီဂိုးသမားကြီး ဘတ်ဖွန်ဆိုတာနဲ့ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း သိကြပါတယ်။ အသက် ၃၇ နှစ် အရွယ်ရှိနေပြီ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်းများစွာ ကစားပေးထားတဲ့ ဘတ်ဖွန်ဟာ အခုအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ဂိုးသမားစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ သူ့ရဲ့ဘဝထဲက အချက်အလက်အချို့က စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်။ ဘတ်ဖွန်ကြီးကို ချစ်တဲ့ ပရိသတ်တွေအတွက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။

ကွင်းလယ်ကစားသမားဘဝမှ ဂိုးသမားဘဝသို့

အသက် ၁၃ နှစ်အရွယ်ရှိ ဘတ်ဖွန်ကို ဘိုလော့ဂ်နာအသင်းနဲ့ အေစီမီလန်အသင်းတို့က သူတို့ရဲ့ အသင်းတွေမှာ လေ့ကျင့်ရေး လာဆင်းဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဘတ်ဖွန်က ငြင်းပယ်ခဲ့ပြီး ပါးမားအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သူဟာ ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စံပြဖြစ်လာမယ့် ကင်မရွန်းဂိုးသမား သောမတ်အန်ကိုမိုကို ၁၉၉၀ အီတလီကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ပြီးနောက်မှာတော့ ဘတ်ဖွန်ဟာ ဂိုးသမားနေရာကို ပြောင်းလဲကစားခဲ့ပါတော့တယ်။ နေရာ ပြောင်းကစားပြီး နှစ်ပတ်အကြာမှာပဲ ပါးမား လူငယ်အသင်းရဲ့ ပထမဂိုးသမားဖြစ်လာခဲ့တဲ့ ဘတ်ဖွန်ဟာ ဂိုးဖမ်းဖို့ ပါရမီပါလာတယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဘတ်ဖွန်ရဲ့ ဒုတိယအနှစ်သက်ဆုံး နှစ်ခု

“ကျွန်တော့်ရဲ့ စံပြကစားသမားက ကင်မရွန်းဂိုးသမား အန်ကိုမိုပါ။ သူ့ကိုနှစ်သက်သလို ရော်ဂျာမီလာ ကစားတာကို ကြည့်ရတာလည်း တကယ်ကြိုက်ပါတယ်။ အီတလီ လက်ရွေးစင်အသင်းပြီးရင် ကင်မရွန်းအသင်းကို အကြိုက်ဆုံးပါပဲ။ ပြီးတော့ ဘောလုံးပြီးရင် ကျွန်တော် အကြိုက်ဆုံး အားကစားက တင်းနစ်ပါပဲ။ တင်းနစ်ပွဲတွေ ကြည့်ရတာကို တကယ် ကြိုက်ပါတယ်” လို့ ဘတ်ဖွန်က ပြောခဲ့ဖူးပါတယ်။

အားကစားမျိုးရိုး

ဘတ်ဖွန်တို့ တစ်မျိုးလုံးက အားကစားမျိုးရိုးလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ ဘတ်ဖွန်ရဲ့ မိခင် မာရီယာစတယ်လာဟာ သံပြားပစ်မယ် တစ်ဦးဖြစ်ပြီး ဖခင် အက်ဒရီယာနိုက အလေးမ အားကစားသမားဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ နောက်ပိုင်းမှာတော့ ကျောင်းဆရာ၊ ဆရာမအလုပ်ကို လုပ်ကိုင်ခဲ့ကြပါတယ်။ ပြီးတော့ ဘတ်ဖွန်ရဲ့ အစ်မတွေဖြစ်တဲ့ ဗာရိုနီကာနဲ့ ဂူအန်ဒါလီနာတို့ဟာ အီတလီလက်ရွေးစင် ဘော်လီဘောမယ်တွေဖြစ်ပြီး သူ့ရဲ့ဦးလေးက ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်ပါတယ်။ ဘတ်ဖွန့် အဘိုးရဲ့ ဝမ်းကွဲညီ လိုရန်ဇိုဘတ်ဖွန်ကလည်း အင်တာမီလန်နဲ့ အေစီမီလန်တို့မှာ ကစားခဲ့တဲ့ ဂိုးသမားဟောင်း တစ်ဦးဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ရဲ့ဈေးအကြီးဆုံး ဘောလုံးသမား

ဂျူဗင်တပ်စ်အသင်းဟာ ဘတ်ဖွန်ကို ၂၀ဝ၁ ခုနှစ်က ပါးမားအသင်းထံကနေ ပြောင်းရွှေ့ကြေး ယူရို ၅၂ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကြေးက အဲ့ဒီအချိန်က ဂျူဗင်တပ်စ်အသင်းအတွက် ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။ ဂိုးသမားတစ်ဦးကို ဒီလို စံချိန်တင် ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဘတ်ဖွန်ကတော့ သူ့အရည်အချင်းကို အပြည့်အဝယုံကြည်ပြီး ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ဘာမှ ဖိအားမရှိဘူးလို့ ဆိုပါတယ်။ ဂိုးသမားကောင်းတွေကို ဝယ်ယူဖို့က အသင်းကောင်းတွေရဲ့ အလုပ်ဖြစ်ပြီး တန်ကြေးကိုတော့ ဈေးကွက်ကသာ သတ်မှတ်တာလို့ ဆိုပါတယ်။

စံချိန်ရှင်

ကမ္ဘာကျော် ဂိုးသမားတစ်ဦးဖြစ်တဲ့ ဘတ်ဖွန်ဟာ အခြား ကမ္ဘာကျော်ကစားသမားတွေလိုပဲ စံချိန်ပေါင်းများစွာ တင်ထားသူဖြစ်ပါတယ်။ သူတင်ထားတဲ့ စံချိန်ပေါင်း ၂၃ ခုလောက် ရှိပါတယ်။ အဲ့ဒီစံချိန်တွေထဲမှာ ဂိုးသမား တစ်ဦးအတွက် ဂုဏ်ယူစရာဖြစ်တဲ့ စံချိန်တွေများစွာ ပါဝင်ပါတယ်။ အဲ့ဒါတွေက စီးရီးအေ အကောင်းဆုံးဂိုးသမားဆု (၁၀) ကြိမ်၊ အီတလီအသင်းအတွက် ၆၂ ပွဲအထိ ဂိုးမပေးရတဲ့ စံချိန်၊ ကမ္ဘာ့ဖလား ငါးကြိမ် ကစားဖူးတဲ့ ကစားသမား သုံးဦးထဲမှ တစ်ဦး၊ ဥရောပ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိဖူးတဲ့ တစ်ဦးတည်းသော ဂိုးသမား၊ အီတလီအသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမား (၁၅၄) ပွဲ စတဲ့ စံချိန်တွေ ပါဝင်ပါတယ်။

အကြိုက်ဆုံးတိုက်စစ်မှူး နှစ်ဦး

ဘတ်ဖွန်က တစ်ယောက်ချင်းတွေ့တဲ့ နေရာမှာ အခက်ခဲဆုံးပြိုင်ဘက် တိုက်စစ်မှူး ဒါမှမဟုတ် အကြိုက်ဆုံး တိုက်စစ်မှူး နှစ်ဦးက ဘရာဇီးတိုက်စစ်မှူး ရိုနယ်ဒိုနဲ့ အီတလီတိုက်စစ်မှူး ရော်ဘတ်တိုဘက်ဂီယိုလို့ ဆိုပါတယ်။ “ရင်ဆိုင်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ ရိုနယ်ဒိုက တကယ်ကို အကြွင်းမဲ့ တိုက်စစ်မှူးပါပဲ။ သူဟာ တကယ်ကောင်းတဲ့ ကစားသမားပါ။ အီတလီမှာဆိုရင်တော့ ရော်ဘတ်တိုဘက်ဂီယိုပါ။ ထူးခြားကောင်းမွန်တဲ့ ကစားဟန်ရှိသော ကစားသမားဖြစ်ပါတယ်” လို့ ဘတ်ဖွန်က ဆိုပါတယ်။

အကြိုက်ဆုံးလူငယ်ဂိုးသမား နှစ်ဦး

ဘတ်ဖွန်ရဲ့ အကြိုက်ဆုံးလူငယ်ဂိုးသမား နှစ်ဦးက အင်္ဂလန်ဂိုးသမား ဂျိုးဟတ်နဲ့ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ထိပ်တန်းဂိုးသမား ဖြစ်လာနိုင်သူတွေဖြစ်ပြီး သူတကယ်ကို နှစ်သက်သူတွေပါလို့ ဘတ်ဖွန်က ဆိုပါတယ်။

ဒီအချက်တွေက ဘတ်ဖွန်ရဲ့ ဘဝထဲက ထူးခြားတဲ့ အချက်အချို့ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုအကြောင်း ပြောရမယ်ဆိုရင်တော့ ဘတ်ဖွန်ဟာ ချက်မော်ဒယ် အလီနာဆာရီဒိုဗာနဲ့ ၂၀ဝ၅ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ လူးဝစ္စသောမတ်စ်နဲ့ ဒေးဗစ်လီးဆိုတဲ့ သားနှစ်ဦးကို မွေးဖွားခဲ့ကြပြီး ပျော်ရွှင်တဲ့ မိသားစုတစ်ခုကို ထူထောင်နိုင်ခဲ့ကြပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ အကြောင်းကြောင်းကြောင့် သူတို့ အိမ်ထောင်ပျက်စီးသွားခဲ့ ရပါတယ်။

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ ဘတ်ဖွန်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ထိပ်တန်းဂိုးသမား ၁၀ ဦးမှာ အသက်အကြီးဆုံး ဂိုးသမားကြီး ဖြစ်ပါတယ်။

မှတ်ချက်။ ။ Issued date: 12/27/2015
လက်ရှိအချိန်မှာ ဘူဖွန်ဟာ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။

.page-node-9049 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly