ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူးက ရောဘတ်ဒေါင်နေးကို ၁၉၉၆ ခုနှစ်က ကျူးလွန်ခဲ့ သော မူးယစ်ဆေးဝါး မှုပြစ်မှုမှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူးက ရောဘတ်ဒေါင်နေးကို ၁၉၉၆ ခုနှစ်က ကျူးလွန်ခဲ့ သော မူးယစ်ဆေးဝါး မှုပြစ်မှုမှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့

နယူးယော့ခ်၊ ဒီဇင်ဘာ ၂၇ ။               ။ ကာလီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျန်ရီဘရောင်းက “Iron Man” ရုပ်ရှင်ကြယ်ပွင့် ရောဘတ် ဒေါင်နေးကို ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းက ကျူးလွန်ခဲ့သော မူးယစ်ဆေးဝါးမူနှင့် လက်နက်သိုဝှက် သယ်ဆောင်မှုပြစ်မှုတို့မှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

ရောဘတ်ဒေါင်နေးသည် ဘရောင်းက  လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော ၉၁ ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ကြောင်းနှင့် လွှတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူ အများစုသည် မူးယစ်ဆေးဝါး အသေးစားအမှု ကျူးလွန်းသူများသာ ဖြစ်သည်။

လွှတ်ငြိမ်းချမ်းသာခွင့် ရသူများသည် ပြစ်ဒဏ်ကို ပြီးဆုံးအောင် ကျခံခြင်းနှင့် နောက်ထပ် ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်း မရှိဘဲ ဆယ်စုနှစ်တစ်စုကျော်ကြာ နေထိုင်ခြင်းတို့ကြောင့် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကာလီဖိုးနီးယား ပြည်နယ်တွင် ရာဇဝတ်မှု ကျူးလွန်းသူများသည် အုပ်ချုပ်ရေးမှူးထံ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း တရားရုံး၏ အမိန့်ကို လက်ခံရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်း ပြီးနောက်ပိုင်းတွင် ဥပဒေနှင့်အညီ နေထိုင်ခဲ့ကြောင်းကို ပြသနိုင်ရမည် ဖြစ်သည်ဟု  အုပ်ချုပ်ရေး မှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါင်နေးသည် ၁၉၉၆ ခုနှစ်က ကိုကင်းများ လက်ဝယ်ပိုင်ဆိုင်မှု၊ ကားအတွင်း ပစ္စတိုသေနတ် တစ်လက်ကို ဝှက်ကာ သယ်ဆောင်လာမှု၊ မူးယစ်သောက်စားကာ ကားမောင်နှင်မှုနှင့် ဘိန်းဖြူလက် ဝယ်ပိုင်ဆိုင်မှု ပြစ်မှုတို့ကို ကျူးလွန်ခဲ့သူတစ်ဦး ဖြစ်သည်။

ဒေါင်နေးသည် ပြစ်မှုများအတွက် ထောင်ထဲတွင် တစ်နှစ်နှင့်သုံးလ ကျခံခဲ့ပြီး  ပြစ်ဒဏ်ကာ လမစေ့မီ ကတိခံဝန်ချက်ဖြင့် နှစ်နှစ်တာနေခြင်းနှင့် ခံဝန်ချုပ်ဖြင့် သုံးနှစ်နီးပါး နေထိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံး၏ ပြောကြားချက်အရ သိရသည်။

ဒေါင်နေးသည် ၎င်း၏ ပြစ်ဒဏ်များအတွက် လူမှု့အသိုင်းအဝိုင်းတွင် အပြစ်ကြွေးများကို ဆပ်ခဲ့ပြီးသည့် အချိန်မှစ၍ ဘဝကို ရိုးရိုးသားသား နေထိုင်ခဲ့ပြီး ဥပဒေနှင့်အညီ နေထိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံး ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly