တောင်ကိုရီးယား မားစ်ရောဂါကူးစက်ပျံ့ပွားမှု ဆမ်ဆောင်းအမွေခံ ၀န်ချတောင်းပန်

တောင်ကိုရီးယား မားစ်ရောဂါကူးစက်ပျံ့ပွားမှု ဆမ်ဆောင်းအမွေခံ ၀န်ချတောင်းပန်

ဆိုးလ်၊ ဇွန်-၂၃ ။      ။ ကျန်းမာရေးအာဏာပိုင်များက မားစ်ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ်သုံးဦးထွက်ပေါ်လာကြောင်း အသိပေးကြေညာစဉ်မှာပဲ၊ တောင်ကိုရီးယား စီးပွားရေးဘီလူးကြီး ဆမ်ဆောင်း (Samsung)ရဲ့ အမွေခံဖြစ်သူက ၎င်း၏ အကောင်းဆုံးဆေးရုံများအနက်တစ်ခုမှာ မားစ်ဗိုင်းရပ်ပိုး ပျံ့နှံ့မှု၏ ဗဟိုချက်ဖြစ်လာခဲ့ရသည့်အတွက် အင်္ဂါနေ့ (ဇွန် ၂၃)တွင် လူသိရှင်ကြား ဦးညွှတ်တောင်းပန်ခဲ့သည်။

တောင်ကိုရီးယား မားစ်ဖြစ်ပွားမှုမှာ ဆော်ဒီအာရေဗျပြင်ပတွင် အကြီးမားဆုံးဖြစ်ပြီး မားစ်ကူးစက်ခံရသူ ၁၇၅ဦးအနက် တစ်ဝက်ခန့်မှာ ဆိုးလ်မြို့တော်ရှိ Samsung Medical Centre ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

''ဆမ်ဆောင်းဆေးရုံဟာ ကူးစက်မှုကို မထိန်းချုပ်နိုင်ခဲ့ဘဲ ပျံ့ပွားစေခဲ့လို့ ပြည်သူလူထုတွေ ကြီးစွာနာကျင်ပြီး သောကရောက် ခဲ့ကြရတယ်''ဟု ဆမ်ဆောင်း အီလက်ထရွန်းနစ်၏ အမွေခံနှင့် ဒုဥက္ကဌ ဂျေးဝိုင်လီက ပြောကြားခဲ့သည်။ ''ကျွန်တော် ဦးညွှတ်ပြီး အလေးအနက်တောင်းပန်ပါတယ်'''ဟု လီက ရုပ်သံကင်မရာများ ရှေ့မှောက်တွင် လူသိရှင်ကြား တောင်းပန်ခဲ့သည်။.

လီက မားစ်ရောဂါဖြစ်ပွားမှုကြောင့် ဂုဏ်သတင်း ထိခိုက်ညှိုးနွမ်းခဲ့ရသည့် နိုင်ငံ၏ ဂုဏ်သိက္ခာအကြီးမားဆုံး ဆေးရုံ တစ်ခုဖြစ် သည့် ဆမ်ဆောင်းဆေးရုံကြီးကို ဘက်စုံ ပိုက်စိတ်တိုက်ပြင်ဆင်သွားမည်ဟုလည်း ကတိပြုသည်။

''လူနာတွေကို ကုသပေးဖို့ ဆေးရုံက အပြည့်အ၀ တာဝန်ယူပါတယ်။ နောက်ထပ်မဖြစ်ပွားအောင် တားဆီးသွားဖို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ''ဟုလည်း လီက ရှားပါးပါး လူထုမိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။  

ဆမ်ဆောင်းဆေးရုံကို လည်ပတ်နေသည့် ဆမ်ဆောင်းဖောင်ဒေးရှင်း၏ အကြီးအကဲဖြစ်သူ လီက မားစ်ဗိုင်းရပ် ကာကွယ်ဆေး ပေါ်ပေါက်လာရေးအတွက်လည်း တက်ကြွစွာထောက်ပံ့သွားမည်ဟု ကတိပြုသည်။ လီ၏ ဖခင် ဆမ်ဆောင်း အီလက်ထရွန်းနစ်၏ ဥက္ကဌဖြစ်သူ လီ ကွန်ဟီးမှာမူ နှလုံးရောဂါကြောင့် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဆမ်ဆောင်းဆေးရုံ၏ အကြီးအကဲ ဆုန် ဂျေဟွန်းကလည်း ဆေးရုံအနေဖြင့် မားစ်ရောဂါ ကူးစက်စကနဦးအဆင့်တွင် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags