မောရှမ်းတောင်ပိုင်းခရီး ရထားစီး လိုက်ကြဦးမလား မေးမိတယ်

26 December 2015
မောရှမ်းတောင်ပိုင်းခရီး ရထားစီး လိုက်ကြဦးမလား မေးမိတယ်

ဒီကနေ့ကတော့ တောင်ကြီးမြို့ရဲ့ ဈေးနေ့ပါ။

 ဒီဒေသမှာ ငါးရက်တစ်ခါ ကျတဲ့ ဈေးနေ့ဆိုတာက ဓလေ့တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ပုံမှန်နေ့စဉ်ရောင်းနေတဲ့ ဈေးလည်း ရှိနေပေမယ့် ဈေးနေ့တွေမှာတော့ ပိုစည်ကားပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကြီးမြို့အနီးဝန်းကျင်က ရှမ်း၊ ပအို့ဝ်၊ ဓနု၊ အင်းသား စတဲ့တိုင်းရင်သား ရွာတွေကနေ လတ်ဆတ်တဲ့ဒေသထွက်ကုန်တွေကို လာရောင်းလေ့ရှိလို့ပါပဲ…။

ပြီးတော့ ရိုးရာဝတ်စုံဆင်မြန်းထားတဲ့ ဈေးသည်ကြီးတွေ … စကားသံဝဲ၀ဲနဲ့ ဈေးရောင်းနေသူတွေ … လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ … စားသောက်ကုန်တွေ … တစ်စီတစ်တန်းကြီးကို တစ်နေရာတည်းမှာ တွေ့နိုင်ပါသေးတယ် .. ။ ဒါဟာ တောင်ပေါ်ဒေသတစ်ခုရဲ့ မနက်ခင်းအလှအပတစ်ခု … စိတ်အေးချမ်းပျော်ရွှင်မှုကို ပေးတဲ့ ရသတစ်ခုလို့ ဆိုရင် မှားမယ်မထင်ပါဘူး …။

အခု မနက်ပိုင်းလေးမှာပဲ အေးချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ ရောထွေးနေတဲ့ ရသတစ်ခုကို ခံစားလိုက်ရပါတယ် …။ နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ရသတစ်ခုကို ခံစားဖို့အတွက် ခရီးတစ်ခုကိုလည်း ရွေးချယ်ထားပါသေးတယ်။

ဒီကနေ့မှာတော့ ရသများနဲ့ခရီးစဉ်အဖွဲ့သားတွေဟာ တောင်တန်းတွေကြားကွေ့လိုက် ပတ်လိုက် တက်လိုက် ဆင်းလိုက်နဲ့ မောင်းနှင်နေတဲ့ တောင်ပေါ်ရထားတစ်စင်းရှိရာကို သွားနေကြပါပြီ …။

အင်္ဂလိပ်လို ထရိန်းလို့ခေါ်တဲ့ ရထားဆိုတဲ့စကားဟာ ဆွဲခြင်းလို့ အဓိပ္ပာယ်ရတဲ့ လက်တင်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း မီးရထားနဲ့ပတ်သက်ပြီးတော့ ကဗျာတွေ စာတွေ အမျိုးမျိုးဖွဲ့ခဲ့ကြပါတယ်။ မီးရထားစီးတဲ့ ခံစားချက်တွေ … လှပတဲ့မြင်ကွင်းတွေ … ရထားအချိန်မမှန်တာတွေ … ရထားတွဲညံ့တာတွေ … ရထားပေါ်က ဈေးသည်တွေ … ရှုထောင့်စုံကနေ ရေးဖွဲ့ထားကြတာပါ။

ရသများနဲ့ခရီးစဉ်အဖွဲ့သားတွေရဲ့ တောင်ပေါ်ရထားခရီးစဉ်ကိုတော့ ရွှေညောင်ဘူတာကနေ စတင်ကြမှာပါ ..။ ကိုလိုနီခေတ်အဆောက်အဦးပုံစံနဲ့ တောင်ပေါ်ဘူတာရုံ အိုအိုလေးကတော့ မြို့ကြီးပြကြီးတွေက ဘူတာရုံတွေလို လူသူရှုပ်ထွေးမှု မရှိပါဘူး..။ ရထားလက်မှတ်ကိုလည်း ရထားထွက်ချိန်မတိုင်ခင် နာရီဝက်လောက်ကြိုဝယ်လိုက်ရုံပါပဲ။ ပြီးတော့လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ တောင်ပေါ်ဘူတာရုံလေးမှာ ရထားဆိုက်ရောက်နေချိန်ထိ ခရီးသွားတွေ လက်မှတ်ရုံမှာ လက်မှတ်ဝယ်နေကြဆဲပါ …။ ရွှေညောင်မြို့ဟာ အင်းလေးကန်နဲ့နီးတဲ့အတွက် နိုင်ငံခြားသားခရီးသွားတွေကိုလည်း ခပ်စိပ်စိပ်တွေ့ရပါတယ်။

အင်းလေးကန်ကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ မြန်မာနိုင်ငံမှာ ရထားစီးတဲ့အတွေ့အကြုံကို လိုချင်ကြတယ်လို့ ဆိုပါတယ်။ ခေတ်မီပြီး ပြည့်စုံလှတဲ့ သူတို့နိုင်ငံတွေမှာ ဒီလိုရထားစီးတဲ့အတွေ့အကြုံမျိုးကို ရဖို့ ခဲယဉ်းတယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့်လည်း အင်းလေးကို လာတဲ့ခရီးစဉ်မှာ ရွှေညောင်ကနေ ကလောမြို့ကို ရထားခရီးစဉ်တစ်ခုအနေနဲ့ ထည့်ပြီးဆွဲကြတာပါ။

အခုပဲ ရထားထွက်ဖို့ ဥသြသံကို ကြားနေရပါပြီ။ ရထားဥသြသံကို ကြားလိုက်ရတယ် ဆိုရင်ပဲ ရထားဘီးနဲ့ သံလမ်းတို့ ပွတ်တိုက်သံတကျွိကျွိ … ခေတ်မမီလှတော့တဲ့ ရထားတွဲတယိမ်းယိမ်းနဲ့ ရွှေညောင်မြို့ကနေ ကလောမြို့လေးဆီကို ခရီးစတင်လိုက်ပါပြီ။

ရထားပြေးလမ်းတစ်လျှောက်မှာ လူးပြီး ခါနေတဲ့ တောင်ပေါ်ရထားကို စီးရတာဟာ ပုခက်စီးနေရသလိုပါပဲ …။

အခုဆိုရင် မနက် ကိုးနာရီ လေးဆယ်ငါးမိနစ် ရှိပါပြီ။ နေ့လည် တစ်နာရီ ဝန်းကျင်လောက်ဆိုရင် ကလော ဘူတာကို ရောက်မယ်လို့ သိရပါတယ်။ အခု ရထားပေါ်မှာဆိုရင် ခရီးသည် အတော်အသင့်ရှိပါတယ်။ ဘယ်လိုရက်ပိုင်းတွေ လူများလဲ ဆိုရင် သြင်္ကန်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲမျိုးတွေပေါ့။ အစိုးရရုံး ရက်ရှည် ပိတ်တဲ့ အခါမျိုးတွေမှာ ရထားစီးတဲ့ ခရီးသည် ပိုများတယ်လို့ သိရပါတယ်။

မြေပြန်မှာတော့ ရထားစီးဖူးတယ်ပေါ့နော်။ ဒါပေမယ့် တောင်ပေါ်မှာ ရထားစီးရတဲ့ ခံစားချက်နဲ့တော့ တူမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စထွက်ကတည်းက အရမ်း စိတ်လှုပ်ရှားရပါတယ်။  ဘယ်လိုတွေ တောင်ပတ်နံရံတွေကို ကွယ်ဝိုက်သွားမယ်။ ဘယ်လိုတွေ ကွေ့ပတ်သွားမယ်။ ပြီးတော့ ုရထားက ဘယ်လို ယိမ်းနွဲ့ပြီးတော့ ဆက်သွားအုံးမလဲ     ဆိုတာ ပြီးတော့ ဒီပတ်ပတ်လည်မှာ တွေ့နေရတဲ့ရှုခင်းတွေဟာ ဘယ်လောက်ထိ လှနေအုံးမလဲ ဆိုတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ရထားနဲ့ ခရီးသွားရတာ ကားနဲ့ ခရီးသွားရတာထက် ပိုပြီးတော့ အားသာချက် ပိုများပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ရထားစီးရတဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ပြီးတော့ လျောက်လမ်းတွေလဲ ရှိတယ် ပိုပြီးအားသာချက်က အပေါ့အပါး သွားလို့ရတယ်ပေါ့နော်။ ပြီးတော့ ဒီထက်ပိုပြီးသာ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ သန့်ရှင်း သန့်ရပ်မှုတွေ ရှိလာမယ်ဆိုရင် မြန်မာမီးရထား လုပ်ငန်းဟာ ပြည်တွင်းခရီးသွားတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်ပါတယ်လို့ ထင်ပါတယ်။ 

ရထားတွဲပေါ်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေက ပိုများနေပါတယ် …။ သူတို့အနေနဲ့ ရထားစီးရတာဟာ အကုန်အကျသက်သာသလို အတွေ့အကြုံသစ်တွေလည်း အများကြီးရတယ်လို့  ဆိုပါတယ်။ တကယ်ပဲ မီးရထားခရီးစဉ်ဟာ အချိန်ပိုကြာပေမယ့် သက်သောင့်သက်သာရှိသလို ကုန်ကျစရိတ်လည်း မများလှပါဘူး။ ပြီးတော့ ဖော်ဖော်ရွေရွေ ရှိတဲ့ မီးရထားဝန်ထမ်းတွေနဲ့လည်း ဆက်ဆံခွင့်ရပါတယ်။

တကယ်တော့ မြန်မာ့မီးရထားတွေဟာ ရုပ်ဝတ္ထုတွေကြောင့် အားနည်းချက်တွေ ရှိနေတယ်ဆိုပေမယ့် ရထားကြီးရဲ့ ပုံရိပ်တွေ၊ အယုတ်အလတ်အမြတ်မရွေး သယ်ဆောင်သွားတဲ့စေတနာတွေ၊ မြို့ရွာတောတောင်တွေကို ဖြတ်သန်းရင်း ဥသြသံတွေပျံ့လွင့်နေတာတွေ၊ မီးခိုးတငွေ့ငွေ့လေးနဲ့ ခုတ်မောင်းတာတွေ … ဒီလို အတွေ့အကြုံတွေ .. ဒီလိုခံစားမှုပေးတာတွေကြောင့် ရထားစီးရတာကျေနပ်စရာပါ…။

မြန်မာနိုင်ငံမှာ မီးရထားတွေကို ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ၁၈၇၇ ခုနှစ်မှာ စတင်အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတင်ဖော်ပြထားပါတယ်။ အင်္ဂလိပ်တွေ ရထားလမ်းဖောက်လုပ်ရတဲ့အဓိကရည်ရွယ်ချက်ထဲမှာ သယ်ယူပို့ဆောင်စရိတ် သက်သာစေဖို့လည်း ပါဝင်ပါတယ်။

ဒီလို စီးပွားရေးရှုထောင့်တစ်ခုတည်းအတွက် မီးရထားကို အသုံးပြုခဲ့တာတော့ မဟုတ်ပါဘူး။ ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားတွေ အထင်ကြီးစေဖို့ ဆိုတဲ့ နိုင်ငံရေးရှုထောင့်၊ စစ်လက်နက်ရိက္ခာပစ္စည်းတွေ အမြန်ဖြည့်တင်းနိုင်ဖို့ဆိုတဲ့ စစ်ရေးအမြင်ရှုထောင့်တွေနဲ့ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံမှာ ရထားလမ်းတွေ ဖောက်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ မီးရထားအသုံးပြုမှုဟာ ဗြိတိန်နိုင်ငံထက် ၅၂ နှစ် ၊ အိန္ဒိယနိုင်ငံထက် ၂၄ နှစ် နောက်ကျပြီး ပေါ်ပေါက်လာခဲ့တာ မှန်ပေမယ့် အရှေ့တောင်အာရှမှာ မီးရထားအသုံးပြုမှုအစောဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။

အခုစီးလာခဲ့တဲ့ တောင်ပေါ်ရထားဟာလည်း အိုဟောင်းနေတဲ့ရထားစက်ခေါင်း နဲ့ အိုဟောင်းနေတဲ့ ရထားတွဲတွေပါပဲ …။ ဒီလို အိုဟောင်းနေတဲ့ မီးရထားတွေကို ပဲ့ကိုင်ပြီး တောင်ပေါ်ရထားလမ်းတွေပေါ်မှာ မောင်းနှင်ရတာဟာ တော်ရုံကျွမ်းကျင်မှုနဲ့တော့ မရနိုင်ပါဘူး .. ။ ဒီရထားကြီးရဲ့စက်ခေါင်းမောင်းဆရာကြီးဆိုရင် စက်ခေါင်းမောင်းလုပ်သက် ၂၈ နှစ်ရှိပြီလို့ သိရပါတယ်။

ဗြိတိသျှတွေဟာ မြန်မာနိုင်ငံတဝှမ်း ရထားလမ်းတွေ ဖောက်လုပ်ခဲ့ကြရာမှာ အခု သွားနေတဲ့ ရထားလမ်းပိုင်းတွေလည်း ပါဝင်ပါတယ်။ ဒီလို တောင်ထူထပ်လှတဲ့ ရှမ်းတောင်တန်းပေါ်မှာ ရထားလမ်းဖောက်ဖို့ စိတ်ကူးခဲ့တာကလည်း အံ့သြစရာပါ ။ တချို့နေရာတွေဆိုရင် ခရီးသွားတွေ တကူးတက ဓာတ်ပုံလာရိုက်ရတဲ့အထိကို လှနေပါတယ်။

ကျွန်တော်တို့ ရွှေညောင်နဲ့ ဟဲဟိုးကြားမှာ ဘဝ သံသရာ တံတားဆိုတာ ရှိတယ်။ ဟဲဟိုးဘက်ကလာမယ်ဆိုရင် ရွှေညောင်ကို သွားတဲ့အခါ တံတားပေါ်ကနေပြီးတော့ ရထားက မောင်းသွားပြီးတော့  တံတားအောက်ကနေ ပြန်ဝင်သွားတာပေါ့နော်။ အဲတာလေးကို သဘောကျတယ်။။ နောက်ပြီးရွှေညောင်ကနေ ဟဲဟိုးလာရင်လဲ ရထားက အတက်မှာ တံတားအောက်ကနေ ဝင်ပြီးတော့ တံတာပေါ်က နေ ပြန်တက်တာပေါ့။ 

ဒီတံတားကို ဘဝသံသရာတံတားလို့ နာမည်ပေးထားပါတယ်။ ဗြိတိသျှလက်ထက် ၁၉၂၇ ခုနှစ်မှာ တည်ဆောက်ထားတဲ့ ပေ ၂၀၀ ရှည်တဲ့ ရထားသံလမ်းပါ။ ဗြိတိသျှတွေဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက မဆုတ်ခွာခင်အချိန်ထိ ရထားသံလမ်းမိုင်ပေါင်း ၃ ထောင်နီးပါး ဖောက်လုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်အတွင်းမှာ မီးရထားဌာနရဲ့ အလုပ်ရုံတွေ ၊ စက်ခေါင်းတွေ ၊ တံတားတွေ ၊ ဘူတာတွေ ဖျက်စီးခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘဝသံသရာတံတားကတော့ ဖျက်ဆီးခံရတဲ့အထဲမှာ မပါဝင်ခဲ့ဘူးလို့လည်း သိခဲ့ရပါတယ်။

မြေပြန့်ဒေသက မီးရထားလမ်းအများစုကတော့  အိမ်တွေရဲ့နောက်ဖေးတွေကို ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ တောင်ပေါ်ရထားလမ်းကတော့ အိမ်တွေရဲ့ ရှေ့မျက်နှာစာတွေကို ဖြတ်သန်းသွားတာပါ။

နောက်ပြီးတော့ ရထားလမ်းဘေးတလျှောက် ရှုခင်းတွေက မြင်ကွင်းမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ … ပန်းချီကားချပ်တွေအများကြီး စီပြီးချထားသလားတောင် ထင်ရပါတယ်။ ရထားပေါ်မှာ ယိမ်းထိုးနေရင်းနဲ့ပဲ ရထားဟာ တချို့နေရာတွေမှာ နှေးသွားလိုက် … ဘရိတ်ဆွဲသံအရှည်ကြီးနဲ့ တအိအိသွားလိုက် … အရှိန်ပြန်မြန်လာလိုက်နဲ့ပါ … တောင်တက်နေရတဲ့အချိန် … တောင်ကိုပတ်မောင်းနေရတဲ့အချိန်တွေမှာ ဒီလို နှေးသွားတယ်လို့ ဆိုပါတယ် ..။

တချို့နေရာတွေမှာတော့ ရထားလမ်းက ကျဉ်းကျဉ်းလေးတွေပါ … ဘေးတစ်ဖက်တစ်ချက် ကျောက်နံရံတွေကြားမှာ ခုတ်မောင်းနေတဲ့အခါ လမ်းဘေးကအပင်တွေက ရထားတွင်းထိကို ဝင်ရောက်လာတတ်ပါတယ်။

တချို့နေရာတွေမှာတော့ ကွေ့ကွေ့ကောက်ကောက် ကားလမ်းနဲ့အပြိုင် သွားနေတာပါ … ဒီလိုကားလမ်းနဲ့ဆုံကြတဲ့အခါ ကားပေါ်ကခရီးသည်တွေနဲ့ ရထားပေါ်ကခရီးသည်တွေ လက်လှမ်းပြနှုတ်ဆက်ကြပါသေးတယ် ..။

တကယ်တော့ ရွှေညောင်ကနေ ကလောမြို့ကို ကားနဲ့သွားရင် ၁ နာရီလောက်သာ ကြာပါတယ်။ ဒါပေမဲ့ မီးရထားခရီးကတော့ သုံးနာရီကျော် ကြာပါတယ်။ ဘူတာတစ်ခုပြီးတစ်ခု ဖြတ်သန်းရင်း … ဘူတာတိုင်းမှာ ဆင်းတဲ့ခရီးသည်တွေ .. တက်တဲ့ခရီးသည်တွေကို ခေါ်ဆောင်သွားရင်း … တောင်ပေါ်ရထားလေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မီးရထားလမ်းဆုံရှိရာ အောင်ပန်းမြို့ကို ရောက်လာပါပြီ။

အောင်ပန်းကြတော့လည်း အဲဒီလိုပဲပေါ့။ လက်ဘက်ရည်ဆိုင်ရှိမယ်။ ကျွန်တော်တို့ ရှမ်းဒေသ ထွက်ကုန် ပစ္စည်းပေါ့နော်။ အားလူးခြောက်တို့၊ ငှက်ပျော်ခြောက်တို့၊ ဆားငံသီးတို့ ရှမ်းပြည်တောင်ပိုင်းက ဒေသထွက် ပစ္စည်းလေး တွေ အဲမှာ ရောင်းတာ ရှိပါတယ်။ အဲဒီ အောင်ပန်းဘူတာလေးမှာတော့နည်းနည်းလေး ကျွန်တော်တို့ ဆယ်မိနစ်လောက် ရပ်တာပေါ့ဗျာ။

အခုဆိုရင် အောင်ပန်းဘူတာ ရောက်ပါပြီ။  င်္ဒီမှာ ခဏနားပါမယ်။  အောင်ပန်ဘူတာဟာ အဓိက ဘူတာထဲမှာ ပါတယ်ပေါ့နော်။ အခုဆိုရင် ဈေးသည်တွေက ရောင်းချနေကြတာပေါ့နော်။ အမျိုးမျိုး အဖုံဖုံ ဒါပေမယ့် သူတို့ ရောင်းတဲ့အထဲမှာ ဟင်းသီးဟင်းရွက်တွေ တွေ့ရတယ်ပေါ့နော်။ ဂေါ်ဖီထုပ်၊ ပြီးတော့ အားလူး အစရှိသဖြင့် ပေါ့။ ဒါပေမယ့် ဒီအောင်ပန်းမြို့က အားလူး သီးသန့်ထွက် ရှိတဲ့နေရာပေါ့နော်။ ခုရောက်နေတဲ့နေရာတွေကတော့ အောင်ပန်းဘူတာရုံ အသစ်ပေါ့နော်။ အောင်ပန်းဘူတာဟာဆိုရင် ဒီဒေသရဲ့ အဓိက ဘူတာလို့ ပြောလို့ရပါတယ်။ နောက် တစ်နာရီခွဲလောက်ဆိုရင် ကလောကို ရောက်ပြီလို့ ပြောပါတယ်။

ရထားအိုလေးကတော့ ခရီးဆက်လက်ထွက်ခွာဖို့ အချက်ပေးလိုက်ပါပြီ။ အောင်ပန်းဘူတာကနေ လိုရာခရီးဆက်ကြမယ့် ခရီးသည်တွေကလည်း ရထားပြောင်းစီးသူစီး .. ကားနဲ့ခရီးဆက်သူဆက်နဲ့ ကျန်ရစ်ခဲ့ကြပေမယ့် ရသများနဲ့ခရီးစဉ် အဖွဲ့သားတွေကတော့ ထင်းရှူးမြို့တော်လို့ တင်စားခေါ်ကြတဲ့ ကလောမြို့လေးရှိရာကို ခရီးဆက်လာကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၀၀ ကျော်မြင့်တဲ့ ကလောမြို့လေးဆီ မရောက်ခင်မှာပဲ လမ်းဘေးဝဲယာမှာ ထင်းရှူးပင်တွေကို ခပ်စိပ်စိပ်တွေ့နေရပါပြီ။

ကျွန်မတို့ တွေ့ဆုံခဲ့တဲ့ ဒေသခံအတော်များများကဒီလိုတောင်ပေါ်ရထားနဲ့ ကလောမြို့ကို သွားမယ်ဆိုတဲ့အခါ ကားနဲ့သွားဖို့တိုက်တွန်းကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ရထားမစီးကြပါဘူးတဲ့။

တကယ်တော့ ရထားစီးပြီး ခရီးသွားရတာဟာ သဘာဝအလှအပတွေနဲ့ ပိုထိတွေ့ခွင့် ရသလို ရထားပေါ်က လူတန်းစားအမျိုးမျိုးကိုလည်း တွေ့မြင်ခွင့်ရပါတယ်။ ဒါတင်မကသေးပါဘူး .. ရထားသွားရာလမ်းတလျှောက်က ဘဝအမျိုးမျိုးကိုလည်း နားလည်ခွင့်ရပါတယ်။

ကျွန်မကတော့ လတ်ဆတ်တဲ့တောင်ပေါ်လေကို ရှူရှိုက်ရင်း ...

ဘယ်ညာယိမ်းထိုးနေတဲ့ တောင်ပေါ်ရထားတစ်စင်းပေါ်မှာငေးမောရင်း ...

ရှမ်းပြည်နယ်ရဲ့ မြေနီနီတွေ .. မြက်စိမ်းစိမ်းတွေ ... စိုက်ခင်းတွေ ... ခရမ်းရောင်ပန်းရိုင်းတွေ ... နေကြာဝါဝါလေးတွေ ... ထင်းရှူးပင်စိပ်စိပ်တွေ ... တစ်လှည့်စီ ... တစ်လှည့်စီ .. ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ်လာတဲ့ ရှုခင်းတွေကြည့်ရင်း တောင်ပေါ်ရထားလေးဟာ ကလောဘူတာထဲ ဝင်လာခဲ့ပါပြီ…။

ကိုလိုနီခေတ်အငွေ့အသက်နဲ့ ဘူတာရုံမှာ ကျန်ရစ်ခဲ့ချိန်မှာပဲ တောင်ပေါ်ရထားကတော့ တခြားခရီးသည်တွေကို တင်ဆောင်ပြီး ဆက်လက်ထွက်ခွာသွားခဲ့ပါပြီ …။ ရသများနဲ့ခရီးစဉ် အဖွဲ့သားတွေဟာလည်း ကလောမြို့ကနေ ဓနုမြေဆီကို ခရီးဆက်လိုက်ပါဦးမယ် …။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly