မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ (ရီးယဲလ် - ဆိုစီဒက်)

26 December 2015
မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ (ရီးယဲလ် - ဆိုစီဒက်)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ လာလီဂါပွဲစဉ်(၁၇) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးယဲလ်နှင့် ဆိုစီဒက်အသင်းတို့၏ ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

ရီးယဲလ် - ဆိုစီဒက်

(၃၀-၁၂-၂၀၁၅ ဗုဒ္ဓဟူးနေ့ည ၀၉း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

ရီးယဲလ် ၄-၁ ဆိုစီဒက် (၃၁-၁-၂၀၁၅ လာလီဂါ)

ဆိုစီဒက် ၄-၂ ရီးယဲလ် (၁-၉-၂၀၁၄ လာလီဂါ)

ဆိုစီဒက် ဝ-၄ ဆိုစီဒက် (၆-၄-၂၀၁၄ လာလီဂါ)

ရီးယဲလ်

ရီးယဲလ်တို့ဟာ ဘာစီလိုနာ၊ အက်သလက်တို့နဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေလို့ အမှားခံလို့မရဘူး။ ဆီဗီလာနဲ့ ဘာစီလိုနာကို နှစ်ပွဲဆက်တိုက်ရှုံးခဲ့လို့ အမှတ်ပေးဇယားကနေ တဖြည်းဖြည်းလျော့ကျခဲ့ရပြီး အဆင့် သုံးကို ရောက်နေပြီ။ ဘာကာနဲ့ အက်သလက်က ၃၅ မှတ်စီ ရထားပြီး ရီးယဲလ်က ၃၃ မှတ်ရထားလို့ အသေအချာ ကစားမှ ဖြစ်တော့မှာကိုတွေ့ရတယ်။

ရီးယဲလ်တို့ ပြီးခဲ့တဲ့ တစ်ပတ်က ဗယ်လ်ကာနိုကို ၁၀ ဂိုး ၂ ဂိုးနဲ့နိုင်ခဲ့ပြီး နောက်ဆုံးအိမ်ကွင်းနှစ်ပွဲမှာ ၁၈ ဂိုးအထိသွင်းထားတယ်။ လာလီဂါမှာ ၄၂ ဂိုးအထိသွင်းထားပြီး တိုက်စစ်အားအကောင်းဆုံးအသင်းဖြစ်သလို အိမ်ကွင်း ရှစ်ပွဲမှာလည်း ၂၆ ဂိုးအထိသွင်းထားနိုင်တယ်။ ဒါကြောင့် အိမ်ကွင်းမှာဆို ရီးယဲလ်တိုက်စစ်က စောင့်ကြည့်ရမယ့် အနေအထား။ ဘီဘီစီတိုက်စစ်အတွဲကလည်း နောက်ဆုံး ငါးပွဲမှာ ၁၅ ဂိုးအထိသွင်းထားပြီး ဗယ်လ်ကာနိုနဲ့ ပွဲမှာဆို ကိုးဂိုးအထိသွင်းခဲ့တယ်။ ရာသီအစမှာ ဂါရတ်ဘေးတို့ ဘန်ဇီမာတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာ ဂိုးပေါက်ပြန်တွေ့နေပြီ။

စီရော်နယ်ဒို ၁၂ ဂိုး၊ ဘန်ဇီမာ ၁၁ ဂိုး၊ ဘေးလ် ၈ ဂိုးသွင်းထားပြီး တိုက်စစ်ထက်မြက်နေတယ်။ နည်းပြဘင်နီတက်ဇ်ကလည်း ရီးယဲလ်ကစားသမားတွေက တိုက်စစ်အားသန်ကစားသမားတွေဖြစ်လို့ တိုက်စစ်ကို အဓိကထား ကစားလျက်ရှိနေတယ်။ လက်ရှိအသင်းမှာ နောက်ခံလူ ကာဗာဂျယ်တစ်ဦးကလွဲပြီး ကျန်အဓိက ကစားသမားအားလုံး ဒဏ်ရာကင်းစင်လျက်ရှိနေကြတယ်။

ဆိုစီဒက်

ဆိုစီဒက်က ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပျက်ယွင်းနေတယ်။ ကားလို့စ်ဗီလာ၊ အီလာရာမန်ဒီ၊ ကာနာလက်စ်၊ ဂရာနီယိုတို့လို အသင်းကြီးတွေရဲ့ အကျကစားသမားတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရတယ်။ ဒါပေမဲ့လည်း ပုံစံကောင်းမရဘဲ လေးပွဲပဲ အနိုင်ရထားပြီး အဆင့် ၁၄ နေရာကို ရောက်နေတယ်။ အဝေးကွင်းမှာလည်း နှစ်ပွဲပဲ အနိုင်ရထားတယ်။   နောက်ဆုံးအဝေးကွင်းသုံးပွဲဆက်တိုက်လည်း နိုင်ပွဲမရထားဘူး။ အဲ့ဒီသုံးပွဲမှာလည်း တစ်ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ခုနှစ်ဂိုးပေးခဲ့ရတယ်။ ဒါကြောင့် နောက်ဆုံးအဝေးကွင်းရလဒ် ဆိုးရွားနေတယ်လို့ ပြောရမယ်။

အသင်းတိုက်စစ်မှူး အဂီရက်စ်က ၁၂ ဂိုးအထိသွင်းထားတယ်။ တစ်သင်းလုံး ၁၇ ဂိုးသွင်းထားရာမှာ အဂီရက်စ်က ၁၂ ဂိုးသွင်းထားတာဖြစ်တယ်။ ဒါကြောင့် တစ်ဦးယောက်အပေါ်ကို မှီခိုထားတဲ့အသင်းက ရလဒ်ဆိုးတယ်ဆိုတာ ပေါ်လွင်နေတယ်။ ထိပ်တန်းကစားသမားတွေလည်း မပါဝင်လို့ ရီးယဲလ်ကို အိမ်ကွင်းမှာ ယှဉ်နိုင်ဖို့ မလွယ်ဘူး။

နည်းပြဒေးဗစ်မိုယက်စ်ရဲ့ နေရာမှာ အစားဝင်လာတဲ့ အူစီဘီယိုဆက်ရီစတန်က ဘာစီလိုနာဘီအသင်းရဲ့နည်းပြဖြစ်တယ်။ နည်းပြကောင်းတစ်ဦးဖြစ်ပြီး အဖွင့်ပွဲမှာ ဆီဗီလာကိုနိုင်ခဲ့ပေမယ့် ကိုင်တွယ်ခဲ့တဲ့ ၇ ပွဲမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးပြီး မိုရက်စ်လက်ထက်တုန်းကလိုပဲ လုံးလည်ချာလည် လိုက်နေတယ်။

သုံးသပ်ချက်

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ မှာဆို ရီးယဲလ်က အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့နိုင်တယ်။ ဆိုစီဒက်ကွင်းမှာတော့ ဆိုစီဒက်က ၄ ဂိုး ၂ ဂိုးနဲ့ ပြန်နိုင်တယ်။ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ မှာတော့ ဆိုစီဒက်ကွင်းမှာ ရီးယဲလ်က ဝ-၄ ဆိုတဲ့ ရလဒ်နဲ့ ပြန်နိုင်ခဲ့တယ်။

ရီးယဲလ်က လက်ရှိမှာ ဂိုးမြူးနေတယ်။ ဂိုးတွေဆာလောင်နေတဲ့ စီရော်နယ်ဒိုကလည်း ဂိုးတွေ တောက်လျှောက်သွင်းပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်း ထိပ်ပိုင်းကို တက်လာပြီ။ သူကလည်းနောက်ပွဲတွေမှာ ဂိုးရဖို့ ကြိုးစားနေမှာပဲ။ ပြီးတော့ သူတို့မှာ ဖိအားရှိနေတယ်။ ဘာစီလိုနာက နှစ်မှတ်သာနေတဲ့အပြင် ပွဲလည်းလျော့နေတယ်။ ဒါကြောင့် အမှတ်ပြတ်မသွားဘဲ ဘာစီလိုနာကို တောက်လျှောက်ဖိအားပေးဖို့ လိုနေတယ်။ ပြီးတော့ အိမ်ကွင်းခြေစွမ်းမြူးနေတယ်။

ဆိုစီဒက်ကလည်း အဝေးကွင်းရလဒ်ဆိုးရွားနေတယ်။ နောက်ဆုံးအဝေးကွင်းသုံးပွဲမှာ တစ်ဂိုးပဲသွင်းနိုင်တယ်။ ပြီးတော့ တိုက်စစ်မှူး တစ်ဦးကောင်း တစ်ယောက်ကောင်းပေါ်မှာပဲ မှီခိုနေရတယ်။ ဒါကြောင့် ဘာနေဗျူးမှာ ရီးယဲလ်ကို ခြိမ်းခြောက်နိုင်ဖို့ မရှိဘူး။ ဒီပွဲမှာလည်း ရီးယဲလ်ဂိုးမြူးမယ်။ ရလဒ်ကတော့ ၄-၀ နဲ့ ရီးယဲလ်နိုင်မယ်လို့ ပြတ်ပြတ်သားသားပဲ ခန့်မှန်းလိုက်ချင်တယ်။

အလှဆုံးပွဲရွေးချယ်မှု - ရီးယဲလ်

ခန့်မှန်းသွင်းဂိုး - ရီးယဲလ် ၄-၀ ဆိုစီဒက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly