“အသက်၊ သွေးချွေး၊ ဘဝ ပေးဆပ်ခဲ့ကြတဲ့၊ ရဲရဲတောက်တို့ ပြည်သူတွေ”

“အသက်၊ သွေးချွေး၊ ဘဝ ပေးဆပ်ခဲ့ကြတဲ့၊ ရဲရဲတောက်တို့ ပြည်သူတွေ”

ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်မှာ ၂၀၁၅ ခုနှစ်ဟာ မြန်မာ့သမိုင်းမှာ ဘာကြောင့် အရေးပါသလဲ ဆိုတာ ရှင်းပြပြီးခဲ့ပါပြီ။ ရာစုနှစ် တစ်ဝက်ကျော် ကာလ အတွင်း တိုင်းပြည်ကို စစ်အာဏာရှင် ဗိုလ်ချုပ်တွေ ဒါမှမဟုတ် စစ်တပ်ကျောထောက်နောက်ခံပြု စစ်ဗိုလ်ချုပ်ဟောင်းတွေကချည်းပဲ အုပ်ချုပ်ခဲ့တဲ့ သမိုင်း နိဂုံးချုပ်သွားခဲ့လို့ပဲ ဖြစ်ပါတယ်။ သိပ်မကြာခင် တိုင်းပြည်ကို စစ်ဗိုလ်ချုပ် တစ်ယောက်နဲ့ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင် တစ်ယောက် ပူးတွဲ အုပ်ချုပ်မယ့် ခေတ်သစ်တစ်ခုကို စတင်ပါတော့မယ်။ ဒါဟာ နောင် ပြည်သူလူထုက တင်မြှောက်တဲ့သူတွေချည်းပဲ အုပ်ချုပ်မယ့် တကယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီ သွားရာခရီးလမ်းရဲ့ ခြေလှမ်းအစ လို့လည်း ခေါ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ဒီအချိန် ဒီလို အနေအထားမျိုးကို လွယ်လွယ်နဲ့ ရောက်လာတာတော့ မဟုတ်ပါဘူး။ အသက်၊ ခန္ဓာကိုယ်၊ ဘဝ၊ သွေးချွေး အများကြီး ပေးဆပ်ခဲ့ကြတဲ့ ခေတ်အဆက်ဆက် ပြည်သူတွေကြောင့် ရောက်လာတာလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွက် Person of the year ဆိုတာကို ရွေးချယ်မယ် ဆိုရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၁၉၆၂ က စ ခေတ်အဆက်ဆက် စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကိုလည်း ရွေးချယ်သင့်တယ်လို့ ထင်မြင်မိပါတယ်။

၁၉၆၂ ခုနှစ်ကစလို့ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ နှယ်နှယ်ရရ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ အလွန်တစ်ရာ ရက်စက်ကြမ်းကြုတ်သလို၊ အလွန်တစ်ရာ လည်းကောက်ကျစ်ယုတ်မာသူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော်လောက် ကျွန်ပြု ပြီး သွေးစုတ် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အစိုးရထက်လည်း အများကြီး ပိုဆိုးပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အမိန့်ပေး အနိုင်ကျင့် သတ်ဖြတ်ပါတယ်။ ဖမ်းဆီး နှိပ်စက်တာမျိုး လုပ်ပါတယ်။ အကျဉ်းထောင်ထဲ နှစ်ရှည်လများ အကျဉ်းချထားပါတယ်။ တစ်ချို့ကိုတော့ တိုင်းပြည်ထဲ နေလို့ မရအောင် ဖိနှိပ်ပါတယ်။ ကိုယ့်အာဏာ တည်မြဲရေး၊ ကိုယ့်မိသားစု ဆွေမျိုးတစ်စု ကောင်းစားရေး အတွက် သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ မြန်မာ့တပ်မတော်ကို စနစ်တကျ ဖျက်ဆီးပစ်ပါတယ်။ ပြည်သူတွေ ပညာမတတ်လေ သူတို့ အုပ်ချုပ်ရတာ ပိုကောင်းလေ ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြန်လည် ထူထောင်ဖို့ မလွယ်ကူတဲ့ တိုင်းပြည်ပညာရေးကို အခြေအမြစ်ကစ ဖျက်ဆီးပစ် ခဲ့ပါတယ်။ အစဉ်အလာရှိတဲ့ ဗျူရိုကရေစီ ယန္တယားကို ဖျက်ဆီးပြီး တပ်မတော်နဲ့ ပြည်သူ သွေးကွဲစေမယ့် စစ်ဗျူရိုကရေစီ ယန္တယား ထူထောင်ပါတယ်။ တိုင်းပြည်ကိုလည်းဟိုး အောက်ဆုံး အဆင့်ရောက်အောင် ဖျက်ဆီးပစ်ခဲ့လို့ တိုင်းသူပြည်သား အားလုံး ကမ္ဘာ့အလည်မှာ မျက်နှာ ငယ်ခဲ့ရပါတယ်။

ပြောရရင် စစ်အာဏာရှင်တွေရဲ့ တိုင်းသူပြည်သားတွေ အပေါ် ရက်စက် ယုတ်မာမှုတွေကို ပြောမယ်ဆို ပြောမဆုံးနိုင် တောသုံးတောင်လို ကုန်နိုင်ဖွယ် မရှိပါဘူး။ ဒါပေမယ့် အဲဒီလောက် ကောက်ကျစ် ယုတ်မာတဲ့ စစ်အာဏာရှင်တွေကို မြန်မာနိုင်ငံသား ပြည်သူတွေဟာ ခေါင်းငုံံ့ ခံခဲ့ကြတာမျိုးတော့ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးချိန်ကစ နှစ်ပေါင်း ၅၀ ကျော်တိုင် နည်းပေါင်းစုံနဲ့ ခုခံတော်လှန် ခဲ့ကြတာ ချည်းပါပဲ။

အဲဒီ ခုခံတော်လှန်မှုထဲမှာ ကျောင်းသား၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ သာမန် အရပ်သား အလွှာပေါင်းစုံက ပြည်သူတွေဟာ သူတို့ ရောက်ရာနေရာတွေ ကနေ ခုခံတော်လှန်ခဲ့ကြပါတယ်။ လက်နက်မပါ ဗလာ တော်လှန်တဲ့ ရဟန်းရှင်လူ၊ ပြည်သူလူထုကိုလည်း စစ်အာဏာရှင်တွေက ချမ်းသာမပေးပါဘူး။ ပစ်ခတ် သတ်ဖြတ်တာ လုပ်ပါတယ်။ ဖမ်းဆီးပြီး ကြိုးစင်တင် သတ်ဖြတ်တာမျိုးလည်း လုပ်ပါတယ်။ ဖမ်းဆီးပြီး အသက်သေဆုံးအောင် ညှင်းပန်း နှိပ်စက် သတ်ဖြတ်တာမျိုးလည်း လုပ်ပါတယ်။ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲ ထည့်ထားပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းသည် အထိ နှိပ်စက် ညှင်းပန်းတာမျိုးလည်း လုပ်ပါတယ်။ ထောင်တွင်းက ပြန်ထွက်လာရင်လည်း လူ့အဖွဲ့အစည်းထဲမှာ နေစရာ မရှိအောင်၊ မိသားစုအလိုက် ဘ၀ ပျက်အောင် ချိုးဖျက်တာမျိုးလည်း လုပ်ပါတယ်။

စစ်အာဏာရှင်တွေ ဘယ်လောက်ပဲ ဖိနှိပ် သတ်ဖြတ် နှိပ်စက်တာ လုပ်လုပ် အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးဟာ ရပ်တန့်သွားတယ် ဆိုတာ မရှိခဲ့ပါဘူး။ ၁၉၆၂ ဇူလိုင် ဆဲဗင်းကျောင်းသား အရေးအခင်းမှသည်၊ ၁၉၆၉ အရေးအခင်း၊ ၁၉၇၄-၇၅ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်၊ ၁၉၈၇ ကျောင်းသား ဆန္ဒပြပွဲ၊ ၁၉၈၈ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ပြည်သူလူထု တစ်ရပ်လုံးက ဒီမိုကရေစီ လိုလားကြောင်း ထုတ်ဖော်တဲ့ ၈၈ အရေးအခင်း ဆန္ဒပြပွဲတွေ၊ ၁၉၉၆ ကျောင်းသား အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး စတဲ့ စတဲ့ အရေးအခင်းတွေမှာ ပြည်သူတွေဟာ အာဏာရှင်ကို မကြောက်၊ ထောင်မကြောက်၊ လက်နက်ကို မကြောက်ပဲ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ၂၀၁၅ နှစ်ကုန် အခြေအနေမျိုး ရောက်အောင် အမျိုးမျိုး တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ချို့ ပြည်သူတွေကတော့ စစ်အာဏာရှင်တွေကို ဒီလို လက်ချည်းဗလာ တော်လှန်နေလို့ မရ၊ လက်နက်ကိုင် တိုက်မှ ရမယ်လို့ ယုံကြည်ပြီး တောခို လက်နက်ကိုင် ပုန်ကန်ကြပါတယ်။ အင်အားကြီးတဲ့၊ စစ်သည် သိန်းချီရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့ကို မီးကျိုးမောင်းပျက် လက်နက်တွေနဲ့ ရှိသမျှလူတွေနဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာမျိုးပါ။ အဲဒီလို အင်အားခြင်း မမျှတဲ့ စစ်ပွဲကာလတွေအတွင်း ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူလူထုထောင်နဲ့ချီ အသက်ပေးခဲ့ကြပါတယ်။ တစ်ချို့ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြပါတယ်။ တစ်ချို့ကတော့ ကံမကောင်းအကြောင်းမလှစွာပဲတိုက်ပွဲမှာ မဟုတ်ပဲ ၊ရောဂါဘယကြောင့်၊ သူပုန်တပ်ဖွဲ့ဝင်အချင်းချင်း သံသယနဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြရပါတယ်။ ဘယ်လိုပဲ သေဆုံးခဲ့သည် ဖြစ်စေ အားလုံးဟာ ဒီမိုကရေစီ သူရဲကောင်းတွေချည်းပဲ ဖြစ်ပါတယ်။

အခုဆိုရင် အဲလို စွန့်လွှတ်အနစ်နာခံခဲ့သူတွေကြောင့် မြန်မာနိုင်ငံဟာ အပြောင်းအလဲ ကာလ တစ်ခုကို ရောက်လာပါပြီ။ သူတို့တွေ တိုက်ခဲ့၊ ခိုက်ခဲ့၊ စွန့်လွှတ်ခဲ့၊ စွန့်စားခဲ့၊ အနစ်နာခံခဲ့၊ ပေးဆပ်ခဲ့လို့ ဒီနေ့ တိုင်းပြည် ဒီနေရာကို ရောက်လာတာ၊ ဒေါ်အောင်ဆန်းစုကြည် အခုလို အောင်ပွဲခံနိုင်တာလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ဒါကြောင့် ၂၀၁၅ ခုနှစ်ကို ထူးခြားတဲ့ အပြောင်းအလဲကို စတင်တဲ့ နှစ်တစ်နှစ် အဖြစ် သတ်မှတ်မယ် ဆိုရင် ဒီ အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် အသက်သွေးချွေးနဲ့ ဘ၀ စွန့်လွှတ်ပေးခဲ့ကြတဲ့ ခေတ်အဆက်ဆက်က ရဲရဲတောက် ပြည်သူတွေကိုလည်း Person of the year အဖြစ် ရွေးချယ် ဂုဏ်ပြုထိုက်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags