ပါကစ္စတန် အပူလှိုင်းအတွင်း သေဆုံးသူပေါင်း ၅၇၀ ကျော်ရှိသွားပြီဖြစ်

ပါကစ္စတန် အပူလှိုင်းအတွင်း သေဆုံးသူပေါင်း ၅၇၀ ကျော်ရှိသွားပြီဖြစ်

ပါကစ္စတန်နိုင်ငံတွင် အပူလှိုင်းကျရောက်လျက်ရှိရာ တစ်နိုင်ငံလုံး သေဆုံးသူဦးရေ ၅၇၂ ဦးရှိသွားပြီဖြစ်ပြီး နိုင်ငံ၏အကြီးဆုံး ကရာချိမြို့၊အခြားခရိုင်များနှင့် တောင်ပိုင်းဆင်းပြည်နယ်တို့တွင် သေဆုံးသူပေါင်းမှာ ၄၀၀ ကျော်ရှိသည်။

တနင်္လာနေ့က ပါကစ္စတန်ကျန်းမာရေးတာဝန်ရှိသူများ နောက်ဆုံးကောက်ယူသည့် သေစာရင်းအရ သေဆုံးမှုအများဆုံးမှာ ကရာချိမြို့တွင်ပြီး ယင်းမြို့တွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်(၁၁၃ ဒီဂရီဖာရင်ဟိုက်)ရှိနေပြီး စံချိန်တင်အပူချိန်အဖြစ် ၁၉၇၉ ခုနှစ်ဇွန်လက ၄၇ဒီဂရီစင်တီဂရိတ်အဆင့်ထိ ရောက်လုနီးဖြစ်နေသည်။

သေဆုံးသူအများစုမှာ သက်ကြီးပိုင်းများဖြစ်ပြီး နိုင်ငံပိုင်ဆေးရုံတွင် သေဆုံးမှုပေါင်း ရာကျော်ထက်မနည်းကြောင်း အရေးပေါ် ဌာနအကြီးအကဲကပြောသည်။

ထိုကဲ့သို့ အပူချိန်မြင့်မားနေချိန်တွင် မြို့နေဦးရေ သန်း ၂၀ ကျော်ရှိသည့် ကရာချိမြို့တွင် လျှပ်စစ်မီးပြတ်တောက်ခြင်းများကြောင့် လည်း ပြဿနာများပို၍ ရှုပ်ထွေးစွာကြုံရပြီး မြို့တစ်ချို့နေရာများတွင် ဆန္ဒပြမှုများဖြစ်ပွားနေသည်။

လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် မြို့ရေပေးရေးစနစ်တွင်လည်း အခက်အခဲများဖြစ်နေရသည်။

ယင်းအချိန်တွင် ဝန်ကြီးချုပ်နာဝက်ရှာရစ်က လျှပ်စစ်ဖြန့်ဖြူးသည့်ကုမ္ပဏီများကို ရမဇန်မွတ်စလင်ဥပုသ်လ အတွင်းလျှပ်စစ် မီးပြတ်တောက်ခြင်းကို သီးခံမည်မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများကပြောသည်။

ဆင်းပြည်နယ်ကျန်းမာရေးအကြီးအကဲ မန်ဂနီဂျိုက ပြည်နယ်အစိုးရကို ဆေးရုံများအားလုံးတွင် အရေးပေါ်အခြေအနေထုတ် ခိုင်းထားပြီး ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို ခွင့်မပေးရန်နှင့် ကျန်းမာရေးအကူအညီများ ထောက်ပံ့ရန် တိုက်တွန်း ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly