နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်က ရုရှနှင့် စာချုပ်ချုပ်

နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်က ရုရှနှင့် စာချုပ်ချုပ်

ဒါကာ၊ ဒီဇင်ဘာ - ၂၆ ။          ။ ကန်ဒေါ်လာ  ၁၂.၆၅ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ၁၂၀၀မဂါဝပ်ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်၏ အဏုမြူစွမ်းအင် ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်နေ့က ရုရှနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စက်ရုံတည်ဆောက်မှု လုပ်ငန်းများကို နောက်နှစ်အစောပိုင်းတွင် ဒါကာမှ မိုင်၁၀၀အကွာရှိ အစ်စွာဒီအတွင်းရှိ ရပ်ပါး၌ စတင်မည်ဖြစ်သည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြောခွင့်ရပုဂိုလ် ခမ်ရယ် အစ္စလာမ် ဘိုင်ရီယင်က ပြောကြားခဲ့သည်။

လန်ဒန်ဘဏ်တိုးနှုန်းကို ၁.၇၅ရာခိုင်နှုန်း ထပ်ပေါင်းထားတဲ့ အတိုးနှုန်းနဲ့ အကြွေးအဖြစ် ကုန်ကျစရိတ်အားလုံးရဲ့ ၉၀ရာခိုင်နှုန်းကျော်ကို ရုရှက မတည်ပေးပါလိမ့်မယ်ဟု ဘိုင်ရီယင်က ရိုက်တာသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ချေးငွေအားလုံးကို ၂၈နှစ်အတွင်း အကြေဆပ်ရမည်ဖြစ်သည်။ နိုင်ငံ၏ အကြီးမားဆုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်လိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဘူ မအယ် အဗ္ဗဒူ မူဟစ်က ပြောကြားသည်။

ပထမဓာတ်အားပေးစက်ရုံမှာ ၂၀၂၂ခုနှစ်လောက်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး ဒုတိယဓာတ်အားပေးစက်ရုံမှာ ၂၀၂၃ခုနှစ်လောက်တွင် စတင်လည်ပတ်မည်ဟု မျှော်လင့်ရသည်။

ဓာတ်အားပေးစက်ရုံမှာ တိုးချဲ့ နှစ်၂၀နှင့် သက်တမ်း နှစ်၆၀ရှိသည့် မျိုးဆက်သစ် ဓာတ်ပေါင်းဖိုကို အသုံးပြုမည်ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပေါင်းဖိုတွင် အဆင့်မြင့်လုံခြုံရေးစနစ်များ ပါဝင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် လုံခြုံရေးစနစ်က ၇၂နာရီလုံးလုံး အလုပ်လုပ်နေနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly