မွတ်ဆလင် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင်တောင်ပိုင်းတွင် အပြစ်မဲ့ အရပ်သားကိုးဦးသေဆုံး

မွတ်ဆလင် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ဖိလစ်ပိုင်တောင်ပိုင်းတွင် အပြစ်မဲ့ အရပ်သားကိုးဦးသေဆုံး

မနီလာ၊ ဒီဇင်ဘာ ၂၆ ။           ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းတွင် ခရစ်စမတ်ပွဲတော်နေ့က ခွဲထွက်ရေး မွတ်ဆလင်သူပုန်အဖွဲ့တစ်ခု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ကိုးဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် အစိုးရနှင့် သူပုန်တို့အကြား  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်ငြားလည်း အဆိုပါ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် အခြေအနေတစ်ရပ်ကို ပြသ လိုက်ခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ဆူလ်တန် ကူဒါရက် ဒေသရှိ မြို့ငယ်လေးတစ်ခုတွင် ဘန်ဆာမိုရို အစ္စလမ္မစ် လွတ်မြောက်ရေးသူပုန်တပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရတပ်များက လိုက်လံနှိမ်နင်းခဲ့ရာ သူပုန်အဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်။

ဘန်ဆာမိုရို သူပုန်အဖွဲ့သည် အစိုးရနှင့် မွတ်ဆလင်သူပုန်အုပ်စုအကြား ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ကို ကန့်ကွက်ထားသော အဖွဲ့ခွဲတစ်ခုဖြစ်သည်။ ဆူလ်တန် ကူဒါရက်အရပ်တွင် တောင်သူ ခုနစ်ဦးမှာ ၎င်းတို့၏ လယ်ယာစိုက်ခင်းထဲတွင် ရှိနေစဉ်အခိုက် သူပုန်များ၏ ပစ်သတ်မှုကို ခံခဲ့ရကြောင်းနှင့် အခြား အရပ်သားနှစ်ဦးမှာလည်း အနီးအနားရှိ ကိုတာဘာတိုဒေသတွင် လက်ပစ်ဗုံးဖောက်ခွဲမှု အတွင်း သေဆုံးခဲ့ရကြောင်း သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွင်း အစိုးရဘက်မှ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် မာရီယန် ဖါရာက ပြောသည်။

သူပုန်များသည် ဆူလ်တန် ကူဒါရက် ဒေသတိုက်ခိုက်မှုတွင် အခြားအရပ်သားများကို ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစိုးရတပ်က လိုက်လံရှင်းလင်းရာတွင် ၎င်းတို့ကိုလူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်းနှင့် နောက်ပိုင်းတွင်  အဆိုပါ ဓားစာခံများ ပြန်လည်လွတ်မြောက်လာကြောင်း ဖာရာက ထပ်လောင်းပြောကြားသည်။

ဘန်ဆာမိုရို သူပုန်အဖွဲ့သည် ၂၀၁၁ခုနှစ်က အဓိက မွတ်ဆလင်သူပုန်အုပ်စုမှ ခွဲထွက်လာခဲ့ပြီး နိုင်ငံတောင်ပိုင်းတွင် အစ္စလမ္မစ်နိုင်ငံတစ်ခုတည်ထောင်ရန် ကြိုးပမ်းနေခဲ့သော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly