အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုး၏ ရှေ့ဆက်သွားမှာပဲ (Forward) DVD ဇန်နဝါရီ ၄ရက်တွင် ထွက်ရှိမည်

အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုး၏ ရှေ့ဆက်သွားမှာပဲ (Forward) DVD ဇန်နဝါရီ ၄ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။         ။ အဆိုတော် သရုပ်ဆောင် နန်းဆုရတီစိုး၏ တစ်ကိုယ်တော် အခွေ ဖြစ်သည့် ရှေ့ဆက်သွားမှာပဲ (Forward) DVD အခွေကို ဇန်နဝါရီ ၄ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

ထို DVD အခွေကို နန်းဆုရတီစိုး အနေဖြင့် နှစ် နှစ်ကျော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး ဇာတ်လမ်းပုံစံ၊ Music Video ပုံစံ များ၊ ဖြစ်ရပ်မှန် အကြောင်းအရာပေါ် မူတည်ပြီး အချိန်ယူ ပုံဖော် ရိုက်ကူး ထားသည့် အခွေ တစ်ခုလည်း ဖြစ်သည်။

"တစ်ပုဒ်ချင်းစီကို အသွင်မတူအောင် ရိုက်ကူး ထားတယ်။ အိုင်ဒီယာတွေက အစ ဆန်းသစ်အောင် ပြင်ဆင်ထားတယ်။ ခက်ခက်ခဲခဲ ရိုက်ရတာတွေလည်း ပါတယ်။ တချို့ အပုဒ်တွေဆိုလည်း မကြိုက်လို့ ပြန်ရိုက်ရတာတွေလည်း ရှိတယ်။ အကောင်းဆုံး ကြိုးစားထားပါတယ်" ဟု ပြောသည်။

ရှေ့ဆက်သွားမှာပဲ (Forward) အခွေတွင် နန်းဆုရတီစိုး အပြင် Featuring အဆိုတော်များ အနေဖြင့် ဆိုတေး၊ ကျော်ထွဋ်ဆွေ၊ မိုးယံဇွန်၊ ရှိုင်းဝေယံ တို့မှ ပါဝင် သီဆို ပေးထားသည်။ DVD အခွေတွင် ဒါရိုက်တာများ အဖြစ် ဝင်းလွင်ထက်(HD Production)၊ နေသူရိန်၊ ဝင်းသူရလှိုင်၊ အောင်မြတ်(Dream Walkerz)၊ ပွင့်သိင်္ဂီဇော်တို့မှ ပုံဖော် ရိုက်ကူး ပေးထားကြသည်။

သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ အောင်ရဲလင်း၊ မိုးအောင်ရင်၊ မိုးယံဇွန်၊ သားစိုး၊ ကျော်ထွဋ်ဆွေ၊ ဆိုတေး၊ ဥက္ကာမင်းမောင်၊ အိမ်စည်၊ အလင်းရောင် ၊ ကောင်းမြတ်စံ၊ အောင်လေး၊ ပိုင်တံခွန်၊ မင်းရတုပိုင်၊ မြတ်လမင်း၊ နန်းဆုရတီစိုး၊ သဉ္ဇာဝင့်ကျော်၊ ရတနာမိုင်၊ အေသင်ချိုဆွေ၊ ပိုပိုတို့မှ ပါဝင် သရုပ်ဆောင် ပေးထားကြသည်။

အခွေ ပရိုမိုးရှင်း အနေဖြင့် ထွက်ရှိသည့် ဇန်နဝါရီ ၄ရက်တွင် လှည်းတန်းစင်တာ၌ နေ့လည် ၂နာရီ မှ ၅နာရီ အထိ အဆိုတော် နန်းဆုရတီစိုး နှင့်အတူ ပါဝင်သည့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ်ထိုး ရောင်းချပေးမည် ဖြစ်သည်။

အခွေ ပထမဆုံး လာရောက်ဝယ်ယူသူ အယောက် ၁၀၀ ကို ဦးထုပ်များ လက်ဆောင် ပေးသွားမည် ဖြစ်ပြီး ဂိမ်းအစီအစဉ်များ၊ ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။ အခွေ ပရိုမိုးရှင်းကို ရန်ကုန် နှင့် မန္တလေး တွင်လည်း ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုတော် နန်းဆုရတီစိုး အနေဖြင့် နောက်ထပ် အနုပညာ လှုပ်ရှားမှုအဖြစ် ၎င်း၏ နောက်ထပ် Mini Album အသစ် တစ်ခုကို ၂၀၁၆ ခုနှစ် ထဲတွင် ထွက်ရှိရန် စီစဉ်ထားပြီး လက်ရှိတွင် တေးသီချင်း ၅ပုဒ် စုစည်း ထားပြီးပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly