တရုတ်မြေပြိုမှုကပ်ဘေးမှာ လုံခြံုရေးစည်းမျဉ်းများကို ချိုးဖောက်သောကြောင့်သာ ဖြစ်ဟု အစိုးရဝဘ်ဆိုက်တွင် ဖော်ပြထား

တရုတ်မြေပြိုမှုကပ်ဘေးမှာ လုံခြံုရေးစည်းမျဉ်းများကို ချိုးဖောက်သောကြောင့်သာ ဖြစ်ဟု အစိုးရဝဘ်ဆိုက်တွင် ဖော်ပြထား

ရှန်ဟိုင်း၊ ဒီဇင်ဘာ-၂၆ ။              ။ အစိုးရဝဘ်ဆိုက်က ဒေသန္တရအာဏာပိုင်များကို ကိုးကားဖော်ပြချက်အရ လူ၂ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၇၀ကျော် ပျောက်ဆုံးနေဆဲဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း မြေပြိုမှုမှာ ဆောက်လုပ်ရေး လုံခြုံမှုစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ဖြစ်ပွားရခြင်းသာဖြစ်ပြီး သဘာဝကပ်ဘေးတစ်ခု မဟုတ်ဟု ဆိုသည်။

သောကြာနေ့က အစိုးရဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် ကြေညာချက်တစ်ခုအရ တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ ရှင်ရှင်းမှ အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ဒီဇင်ဘာ ၂၀ရက်ကပ်ဘေးမှာ   မြေဖို့သည့် ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပွားရခြင်းသာဖြစ်ပြီး သဘာဝဘူမိလှုပ်ရှားမှုကြောင့် မဟုတ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

တာဝန်ရှိသူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

စက်မှုဇုန်ထဲမှ အဆောက်အဦး ၃၃လုံးကို ဖုံးလွှမ်းနှစ်မြှုပ်ပစ်ခဲ့သည့် လူ့ပယောဂကြောင့် ဖြစ်ရသည့် ဤကပ်ဘေးက နိုင်ငံ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် လူအသေအပျောက် များသော မတော်တဆမှုများ ဖြစ်ပွားသည်အထိဖြစ်ရသည့် ကြီးကြပ်မှု ကင်းမဲ့နေမှုနှင့် တရုတ်နိုင်ငံ၏ လုပ်ငန်းခွင်လုံခြုံဘေးကင်းရေး စံများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ရှင်ရှင်း စက်မှုဇုန်တွင် နေရာသုံးခုတွင် နောက်ထပ် မြေပြိုမှုဖြစ်ပေါ်နိုင်သည့် အလားအလာများ ရှိနေသေးပြီး ထိုပြဿနာကို ဖြေရှင်းရန် ကျွမ်းကျင်သူများကို ခေါ်ယူထားသည်ဟု ဆင်ဟွာ သတင်းအေဂျင်စီ က ရှင်ရှင်းအာဏာပိုင်တစ်ယောက်ကို ကိုးကားဖော်ပြထားသည်။

အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်နေလို့ သီးခြားခွထုတ်ပြီး သန့်စင်ပေးဖို့ လိုအပ်တယ်ဟု ရှင်ရှင်း အိမ်ယာနှင့် မြို့ပြကျေးလတ်ဖွံ့ဖြိုးမှုဗျူရို၏ အကြီးအကဲ ယန်း ရှင်ကျန်းက ပြောကြားခဲ့သည်။

ကပ်ဘေးမဖြစ်ပွားမီ လေးရက်အလိုက အမှိုက်ပုံနေရာကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီ ရှင်ရှင်း ယီရှန်လောင်းကို အလုပ်ရပ်ထားရန် တိုက်တွန်းခဲ့သည်ဟုလည်း အစိုးရက ခန့်ထားသည့်   စောင့်ကြည့်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

ဆင်ဟွာ၏ အစောပိုင်း သတင်းများအရ အမှိုက်ပုံကို စွန့်ပစ်ပစ္စည်းများ လက်ခံမှု ရပ်ထားပြီဟု ယူဆရပြီးနောက် ၁၀လကြာသည်အထိ အသုံးပြုနေသေးပြီး အမှိုက်ပုံအသုံးပြုခစရိတ်အနေဖြင့် ယီရှန်လောင်းမှာ ကန်ဒေါ်လာ ၁.၁၆သန်း ဝင်ငွေရရှိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly