အနောက်နိုင်ငံများမှ အထောက်အပံ့များ စီးဝင်လာရန် ၂၀၁၆ဘတ်ဂျက်ကို ယူကရိန်းပါလီမန် အတည်ပြု

အနောက်နိုင်ငံများမှ အထောက်အပံ့များ စီးဝင်လာရန် ၂၀၁၆ဘတ်ဂျက်ကို ယူကရိန်းပါလီမန် အတည်ပြု

ကိယက်၊ ဒီဇင်ဘာ - ၂၆ ။             ။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)နှင့် အနောက်နိုင်ငံများမှ အလွန်အမင်း လိုအပ်လျှက်ရှိသော အကူအညီများကို လမ်းဖွင့်ပေးရန် အရေးကြီးသည့် ဂျီဒီပီ လိုငွေ ၃.၇ရာခိုင်နှုန်းနှင့် လာမည့်နှစ် ဘတ်ဂျက်ကို ယူကရိန်းပါလီမန်က ဒီဇင်ဘာ ၂၅ရက်နေ့တွင် အတည်ပြုခဲ့သည်။

၂၀၁၆ ဘတ်ဂျက်ကို တစ်ညလုံးလုံး အပြင်းအထန် အခြေအတင် ဆွေးနွေးပြီးမှ နောက်ဆုံးတွင် အနည်းဆုံးလိုအပ်ချက်ထက် ဆန္ဒမဲ ၄၀ကျော်လွန်သည့်ပမာဏဖြစ်သော လွှတ်တော်အမတ် ၂၆၃ ယောက်တို့က သဘောတူ အတည်ပြုခဲ့ကြသည်။

ငွေကြေးပြတ်လပ်နေပြီး စစ်ဒဏ်ခံနေရသည့် ယူကရိန်းနိုင်ငံမှာ အကူအညီ အသည်းအသန် လိုအပ်လျှက်ရှိပြီး၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နှင့် အခြားအနောက်နိုင်ငံ အကူအညီထဲမှ ကြန့်ကြာနေသည့် ကန်ဒေါ်လာ ၁.၇ဘီလျံ ထုတ်ပေးရေးအတွက် ဘတ်ဂျက်ပြဌာန်းရေးမှာ အဓိကကျသော လိုအပ်ချက်တစ်ရပ် ဖြစ်နေသည်။

လုပ်ငန်းစဉ်က ရှည်လျားပြီး ခက်ခဲပင်ပန်းပါတယ်ဟု ဘဏ္ဍာရေးဝန်ကြီး နာတာလီ ဂျာရက်စ်ကိုက ဖေ့စ်ဘုတ်တွင် ပြောကြားခဲ့ရာ လွှတ်တော်အမတ်များက စာသားကို ပြင်ဆင်ချက်ပေါင်း ၆၀၀ကျော် အဆိုပြုခဲ့ကြသည်ဟု ဆိုသည်။ နောက်ထပ် IMF ထံမှ ငွေကြေးအထောက်အပံ့ ရရှိရေးမှာ အတည်ပြုပြဌာန်းထားသည့် ဘတ်ဂျက်က မျှတရျ် တာဝန်ခံမှု ရှိမရှိဆိုသော အချက်အပေါ်တွင် မူတည်နေသည် ဟုလည်း သူမက ပြောကြားသည်။

ယူကရိန်းလွှတ်တော်အမတ် အတော်များများက ခြိုးခြံခြွေတာလွန်းသည်ဟုဆိုကာ အခွန်ဥပဒေအသစ်အပေါ် အခြေခံထားသည့် ဘက်ဂျတ်ကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသော်လည်း နောက်ဆုံးမိနစ်တွင်မှ အလျော့အတင်းလုပ်ရျ် သဘောတူညီမှု ရသွားခဲ့သည်ဟု ဆိုသည်။

ပါလီမန်အနေဖြင့် IMF၏ လိုအပ်ချက်များကို လိုက်နာဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက ယူကရိန်းမှာ စီးပွားရေးကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်ဟု ဝန်ကြီးချုပ် အာဆင်နီ ယတ်ဆင်ယွတ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

သောကြာနေ့ညနေက အစိုးရအဖွဲ့ အစည်းအဝေးတွင်လည်း ယတ်ဆင်ယွတ်က ဘတ်ဂျက်ပြဌာန်းမှုကို ချီးကျူးဂုဏ်ပြုလိုက်ပြီး၊ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်၊ အစိုးရအဖွဲ့ကို ပြုတ်ကျအောင်၊ ပြုပြင်ပြောင်းလဲမှုကို ပျက်ပြားအောင် ရည်ရွယ်သည့် အစီအစဉ်အားလုံး အရေးနိမ့်သွားပြီဟု ပြောကြားခဲ့သည်။

ဘဏ္ဍာရေးအထောက်အပံ့ ဆက်ရနေဖို့ နိုင်ငံတကာ ပါ့တနာတွေနဲ့ ခက်ခက်ခဲခဲ စေ့စပ်ညှနှိုင်းရဦးမယ်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရားဝင်ကိန်းဂဏန်းများအရ ယူကရိန်း၏ နောက်နှစ်ဂျီဒီပီမှာ ယခုနှစ် ၁၁ရာခိုင်နှုန်း ကျဆင်းမှုနှင့် နှိုင်းယှဉ်ပါက ၂.ဝရာခိုင်နှုန်း ပြန့်ကားကြီးထွားလာဖွယ်ရှိနေသည်ဟု ဆိုသည်။ ငွေဖောင်းပွမှုနှုန်းမှာလည်း နောက်နှစ်တွင် ၁၂.၅ရာခိုင်နှုန်းအထိ နှေးကွေးသွားဖွယ်ရာ ရှိသည်။

၂၀၁၄ခုနှစ် ဧပြီလမှစတင်ကာ လူပေါင်း ၉၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည့် အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ရုရှလိုလားသည့် သူပုန်များကြား တိုက်ပွဲများကို ဦးစားပေးနေရသောကြောင့် ယခုနှစ်တွင် နိုင်ငံ့ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကာကွယ်ရေးအတွက် လျာထားသတ်မှတ်ခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags