လိပ်ကျွန်းအမှုတွင် ထိုင်းရဲများ နှိပ်စက်ဝန်ခံခိုင်းခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပေးရန် AI အဖွဲ့ တောင်းဆို

လိပ်ကျွန်းအမှုတွင် ထိုင်းရဲများ နှိပ်စက်ဝန်ခံခိုင်းခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပေးရန် AI အဖွဲ့ တောင်းဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးက ထိုင်းရဲများ၏ နှိပ်စက်ဝန်ခံခိုင်းခြင်းကို ခံခဲ့သည်ဟု ထွက်ဆိုထားခြင်းနှင့် ပတ်သက်ပြီး အမှန်တကယ် နှိပ်စက်ညည်းပန်းကာ ဝန်ခံခိုင်းခဲ့ခြင်း ရှိမရှိ လွတ်လပ်သည့် စုံစမ်းမှုတစ်ရပ် ပြုလုပ်ပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ဒီဇင်ဘာ ၂၅ ရက်က တောင်းဆိုလိုက်သည်။
 
နှိပ်စက်ညဉ်းပန်းကာ အပြစ်ဝန်ခံခိုင်းခြင်းများရှိခြင်းကြောင့် နာမည်ဆိုးသမိုင်းရှိထားသည့် ထိုင်းရဲများက လိပ်ကျွန်းလူသတ်မှု၌လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဖြစ်သော ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့ကို ယင်းသို့ပင် နှိပ်စက်ဝန်ခံခံခိုင်းခြင်း အမှန်ရှိနေမည်ဟု စိုးရိမ်ကြောင်း နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့်AIက ပြောသည်။
 
၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ခိုတောင်ကျွန်းပေါ်၌ ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအလုပ်သမားနှစ်ဦးက အစောပိုင်း၌ ဝန်ခံချက်ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုင်းရဲများက နှိပ်စက်ပြီး အပြစ်ကို အတင်း ဝန်ခံခိုင်းခဲ့သည်ဟု ထွက်ချက်ပေးထားခြင်းဖြစ်သည်။ ဗြိတိန်စုံတွဲမှ အမျိုးသမီးဖြစ်သူ ဟန်နာမှာ အဓမ္မကျင့် သတ်ဖြတ်ခြင်း ခံရခြင်းဖြစ်သည်။
 
ဒီဇင်ဘာ ၂၄ ရက်တွင် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့အား ထိုင်းတရားရုံးက လူသတ်မှုအတွက် အပြစ်ဒဏ်ရှိသည်ဆိုကာ သေဒဏ်အပြစ်ပေးခဲ့သည်။ ၎င်းတို့ နှစ်ဦး၏ DNAက အခင်းဖြစ်ရာမှ DNAနှင့် ကိုက်ညီမှုရှိကြောင်း၊ ရဲများက နှိပ်စက်ညဉ်းပန်းသည်ဆိုခြင်းကလည်း သက်သေပြနိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

Ref: KHAOSOD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly