တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော အမျိုးသားတစ်ဦးကို တူရကီသမ္မတ အချိန်မီတားဆီးနိုင်ခဲ့

တံတားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့သော အမျိုးသားတစ်ဦးကို တူရကီသမ္မတ အချိန်မီတားဆီးနိုင်ခဲ့

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၆ ။             ။ တူရကီ သမ္မတ ရီဆပ် အာဒိုဂန် သည် တံတားတစ်ခုပေါ်မှ ခုန်ကျသတ်သေရန် ကြံစည်နေသော အမျိုးသားတစ်ဦးနှင့် ဆုံတွေ့ကာ အချိန်မီတားဆီးနိုင်ခဲ့သည်ဟု သမ္မတရုံးတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် အာရှနှင့် ဥရောပသို့ ဆက်သွယ်ချိတ်ဆက်ထားသော Bosphorus တံတား၏ လက်ရန်းပေါ်မှ ကျော်တက်ကာ ရေထဲသို့ ခုန်ချရန် အားထုတ်ခဲ့ချိန် အခိုက်အတန့်တွင် မစ္စတာ အာဒိုဂန်၏ ယာဉ်တန်းတံတားပေါ်မှ ဖြတ်သန်းချိန်နှင့် ကြုံကြိုက်သွားခြင်းဖြစ်သည်။

ရုပ်သံပြကွက်များအရ မစ္စတာအာဒိုဂန်၏ အမှုထမ်းများက ငိုကြွေးနေသော ယင်းအမျိုးသားကို ဖေးမ တွဲခေါ်ကာ သမ္မတနှင့် စကားပြောဆိုရန် ပြောကြားနေသည်ကို တွေ့ရှိရသည်။ ယင်းနောက် စက္ကန့်ပိုင်း အတွင်းမှာပင် ၎င်းကို ဘေးကင်းရာသို့ ခေါ်ဆောင်နိုင်ခဲ့သည်။

ယင်းအမျိုးသားသည် မိသားစုပြဿနာများကြောင့် စိတ်ကျဝေဒနာ ခံစားနေရသူဖြစ်ကာ တံတားမှ ခုန်ချကာ ကိုယ့်ကိုယ့်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ပဲ ရဲများက ၎င်းကို နှစ်နာရီကြာ ချော့မော့ တားဆီးခဲ့ရသည်ဟု Dogan သတင်းအေဂျင်စီက ဖော်ပြသည်။

ရုပ်သံပြကွက်များတွင် တာဝန်ရှိသူများက ၎င်းအား မော်တော်ကားအတွင်းရှိ မစ္စတာအာဒိုဂန်နှင့် စကားပြောဆိုရန် တိုက်တွန်းနေသည်ကို တွေ့ရသည်။ ယင်းအချိန်က တူရကီသမ္မတသည် ကားပေါ်မှ အောက်သို့မဆင်းခဲ့ပဲ ကားအတွင်းမှ ၎င်း၏ဖုန်းဖြင့်သာ ယင်းအမျိုးသားကို အားပေးစကားပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများအတွက် အကူအညီပေးသွားမည်ဟု သမ္မတက ယင်းအမျိုးသားကို အားပေးစကားဆိုခဲ့ကြောင်း သမ္မတရုံးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly