အင်ဒိုနီးရှားတွင် နှစ်သစ်ကူး၌ အသေခံဗုံးခွဲရန် ကြံစည်ထားသူ နှစ်ဦးအား ဖမ်းမိ

အင်ဒိုနီးရှားတွင် နှစ်သစ်ကူး၌ အသေခံဗုံးခွဲရန် ကြံစည်ထားသူ နှစ်ဦးအား ဖမ်းမိ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် နှစ်သစ်ကူးကာလ၌ ဂျကာတာမြို့တော်အတွင်း အသေခံတိုက်ခိုက်မှုများ ပြုလုပ်သွားရန် ကြံစည်လျက်ရှိသူ တရုတ်မှ အူဂါလူမျိုးစုဝင်တစ်ဦး အပါအဝင် လူနှစ်ဦးအား ရဲက ဒီဇင်ဘာ ၂၅ ရက်၌ ဖမ်းဆီးရမိသည်။

အာရစ်ဖ်ဟိုဒါယာတူလက်ရှ်ဆိုသူကို လိုင်စင်ပြားမပါဘဲ ကားမောင်းခြင်းကြောင့် မြို့တော်အနီး ရဲက ဖမ်းခဲ့ခြင်းဖြစ်ပြီး ကားအတွင်း ဗုံးလုပ်နည်း စာအုပ်များကိုပါ တွေ့ရှိရမိခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီက ရရှိသည့် ရဲမှတ်တမ်းတစ်ရပ်အရ သိရသည်။

ထိုသူ၏ အနောက်ဂျာဗားရှိနေအိမ်သို့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က ဝင်စီးရာတွင် အူဂါလူမျိုး အလီဆိုသူအား ဖမ်းဆီးမိပြီး ၎င်းနှင့်အတူ အသေခံဗုံးခါးပတ်နှင့် အခြားဗုံးလုပ်ပစ္စည်းကိရိယာများကိုပါ လက်ရဖမ်းလိုက်နိုင်သည်။

“ဘယ်နေရာတွေမှာ အသေခံဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ မြေပုံကြမ်းကို ရှာတွေ့ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်း တွေ့တာဖြစ်တယ်။ ကျွန်တော်တို့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။”ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်တွန်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်ကလည်း အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည်ဟု သံသယရှိ အဖွဲ့မှ လူငါးဦးကို ရဲက ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက် တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည့် ဂျမ်မတ်ရှ်အစ္စလာမ်မီယတ်အဖွဲ့ဝင်ဖြစ်ကြောင်းသိရသည်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလအတွင်း လုံခြုံရေးယူရန် အင်ဒိုနီးရှားနိုင်ငံတွင် စစ်တပ်နှင့် ရဲအမှုထမ်း တစ်သိန်းခွဲကျော်ဖြင့် လုံခြံရေးတင်းကျပ်ချထားလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly