NCA တွင် တိုင်းရင်းသားအားလုံး ပါ၀င်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

NCA တွင် တိုင်းရင်းသားအားလုံး ပါ၀င်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

ရန်ကုန် ၊ ဇွန် ၂၃ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးတွင် တိုင်းရင်း သားအားလုံးပါဝင်မည့်အချက်ကို အစိုးရ ဘက်က တုံ့ပြန်ခြင်းမရှိသေးဟု NCCT အဖွဲ့ဝင် စောကွယ်ထူးဝင်းက မဇ္ဈိမကိုပြော သည်။

ပြည်ထောင်စု ငြိမ်းရေးဖော်ဆောင်မှု ကော်မတီ UPWC နှင့် NCCT အဖွ့ဲဝင်တချို့ ဇွန် ၂၂ ရက်ကရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် အချောသတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"NCCT အဖွဲ့ဝင်အားလုံး၁၆ ဖွဲ့ပါဝင်ပြီးမှ လက်မှတ်ထိုးမယ်ဆိုတာ မတ် ၃၁ ရက်ကသဘောတူညီမှုမှာလည်း ပါပြီးသားပါ။ ဒါပေမယ့် အပြီးသတ် အတည်ပြုချက်တော့ အစိုးရနဲ့ ထပ်ဆွေးနွေး ဖို့ရှိသေးတယ်။" ဟု စောကွယ်ထူးဝင်းကပြောသည်။

"ထပ်ဖွဲ့ထားတဲ့ အဖွဲ့နဲ့ ဦးအောင်းမင်းတို့နဲ့တွေ့ဖို့ အတွက် ကျွန်တော်တို့က အကြိုလာဆွေးနွေးတာ။ တိကျတဲ့ ရက်တော့ သတ်မှတ် မပေးသေးဘူး။ ဇူလိုင်လဆန်းလောက်တော့ ဖြစ်မယ်လို့ ထင်တယ်။" ဟု ၎င်းကဆက်ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ နှင့် တိုင်းရင်းသားအဖွဲ့တို့ကြား ချုပ်ဆိုမည့် အပစ်ရပ်စာချုပ်မူကြမ်း NCA ထွက်လာ ပြီးနောက်တွင် ထိုစာချုပ်တွင် လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားများအဖွဲ့က အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တစ်ခုကို ဖွ့ဲစည်းထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များက ထပ်မံဖွဲ့စည်းလိုက်သော အဖွ့ဲတွင် NCCT မှခေါင်းဆောင်တစ်ချို့နှင့် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်းစီ၏ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် များ ပါဝင်သည်။

NCA လက်မှတ်ရေးထိုးရေးအတွက် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက "မနေ့ကတော့ NCCT အနေနဲ့ လာတွေ့တာပါ။ NCA ပါ အချက်တွေကို ထပ်ဆွေးနွေးဖို့ကတော့ နှစ်ဖက်ဆွေးနွေးမှု အပေါ်မူတည်ပါလိမ့်မယ်။" ဟု မဇ္ဈိမကိုပြောသည်။

NCA လက်မှတ်ရေးထိုးရေးနှင့် ဆက်စပ်၍ UPWC နှင့် NCCT တို့ ဇွန်လ ၁၀ ရက်က ချင်းမိုင်မြို့တွင်လည်း တွေ့ဆုံခဲ့သေးသည်။

တိုင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကျင်းပခဲ့သော လော်ခီးလာညီလာခံမှ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မူကြမ်း ပြင်ဆင်ချက် ၁၂ ချက်နှင့် ဆုံးဖြတ်ချက် ကိုးချက်ကို အစိုးရ အဖွ့ဲသို့ ပေးပိ့ုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly