ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ သတင်းဟာ မိမိတို့ နိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်ကိုပါ ပျံံ့နှံံ့ ထူးခြားခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို ကိုင်လှုပ်ခံရသလို ဖြစ်စေတဲ့ စီရင်ချက် ကိစ္စပါ ပဲ။ သေမိန့်ချခံရတဲ့ မြန်မာနိုင်ငံသားများကိုယ်စား မြန်မာတမျိုးသားလုံး စိတ်မကောင်းဖြစ်ကြရသလို ထိုင်းလူမျိုး အတော်များများကလည်း ဒီလို စီရင်ဆုံးဖြတ်မှုအပေါ် စိတ်ပျက်ကြ စိတ်မကောင်း ဖြစ်ကြရ တဲ့သတင်းတွ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ မြန်မာနိုင်ငံသာတွေအဖို့ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအတွက်သေမိန့်က လွတ်မြောက်စေမယ့် နည်းလမ်းတွေ ရှာကြံစဉ်းစား လာကြရပါတယ်။ ထိုင်းတို့ရဲ့ တရားဥပဒေ ခိုင်မာမှန်ကန်မှု မရှိဘူးဆိုတဲ့ ဆန်းစစ် ဝေဖန်ချက်တွေလည်း လုပ်ကြရပါတယ်။ သက်ဆိုင်ရာ မြန်မာ တာဝန်ရှိသူများအနေနဲ့လည်း ဥပဒေဘောင်အတွင်းက ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမယ့်ကိစ္စတွေ လူသိထင်ရှားချပြပြီး ကိုယ့်နိုင်ငံသားနှစ်ဦး လွတ်မြောက်စေရေး၊ ဥပဒေအရ အကာအကွယ် ရရှိစေရေး ကြိုးပမ်း လာကြရပါတယ်။

စိတ်ဓါတ်တက်ကြွသူ မြန်မာနိုင်ငံသားတချို့ကလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းနိုင် ငံ သံရုံးရှေ့မှာ ဆန္ဒပြ ကြွေးကြော်ပြီး လိပ်ကျွန်းလူသတ်မှု ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြပါ တယ်။ ထိုင်းတို့ရဲ့ တရားရုံး ဆုံးဖြတ်ချက်အပေါ် တိုက်ရိုက်သက်ဆိုင်တဲ့ မြန်မာနိုင်ငံ သားများ မပြောနဲ့ အခြားတစ်ပါးသော နိုင်ငံများကပင်လျင် ဒီလို ထိုင်းတို့ရဲ့ စီရင်ချက်ချမှုကို စိတ်မ သက်မသာ ဖြစ်ကြ ရပါတယ်။ နိုင်ငံတကာ သတင်းစာတချို့လည်း ထိုင်းတို့ရဲ့တရားစီရင်ရေးကို ဝိုင်းဝန်း ဝေဖန်လာခဲ့ကြရပါတယ်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကတော့ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံရတဲ့ အချက်ကတော့ မျက်ကွယ်ပြုလို့မရ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ ဒါဆိုလျင် ဒီလူငယ်နှစ်ဦး သေဒဏ် စီရင်ချက်က လွတ်မြောက်ဖို့အရေး ကြိုးပမ်း ဆောင်ရွက်ကြတဲ့အခါ ဘယ်နည်းနဲ့ပဲ ကြိုးပမ်း ကြိုးပမ်း လက်ရှိ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေများ အတွင်းမှသာ ဆက်လက် ဆောင်ရွက်လို့ ရနိုင်မှာပါ။
နိုင်ငံတစ်ခုရဲ့ အချုပ်အချာအာဏာကို ထိပါးရလောက်တဲ့အထိ လုပ်ကိုင်ကြိုးပမ်းလို့တော့ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။ ဒါက နိုင်ငံတိုင်း လိုက်နာရမယ့် နည်းလမ်း ဖြစ်ပါတယ်။

ဒီတော့လည်း တချို့က ထိုင်းဘုရင့်မိသားစုထံ အသနားခံစာတင်ကြဖို့၊ တချို့ကလည်း အမှုကို အစကနေအဆုံး ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုဖို့၊ တချို့ကလည်း နိုင်ငံတော်သမ္မတကြီး အပါအဝင် လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးဖို့၊ အစရှိသဖြင့် အကြံပြု ကြ ဝေဖန်ကြ ဖြစ်လာရပါတယ်။

ဒီအထဲက စိတ်ဓါတ်ပြင်းထန်တဲ့ မိမိတို့နိုင်ငံသားတချို့ကတော့ ဒါဟာဖြင့် ထိုင်းတို့က မြန်မာ ကို စော်ကားတဲ့ သွေးစမ်းတဲ့သဘော ဖြစ်တယ်၊ ငါတို့မြန်မာတွေ မြန်မာ့သွေးပြကြဖို့ အချိန်တန်ပြီ ဆိုတာမျိုး အထိ အမြင့်မားဆုံး သဘောထား ထုတ်ဖေါ်လာကြတာလည်း ရှိပါတယ်။

အမှန်စင်စစ်တော့ ယခုလို ခိုတောင်လူသတ်မှုလို အမှုမျိုးဆိုတာ ထိုင်းနိုင်ငံမှာ အခုမှ မြန်မာ တွေ ဖြစ်လာ ကြုံတွေ့လာကြရတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ လောက်ကတည်းက ခိုတောင် လူသတ်မှုလို အမှုမျိုးတွေ၊ ထိုင်းနိုင်ငံအတွင်း မြန်မာတွေ အဖိနှိပ်ခံရ၊ အနိုင်ကျင့်ခံရ၊ အစော် ကားခံရ၊ မျက်နှာငယ်ရတာ ကြာပါပြီ။ ဟိုတချိန်တုန်းက သတင်းအမှောင်ချထားခြင်း ခံရတဲ့ အဏာရှင် အမှောင်ခေတ်ကြီးအတွင်းဖြစ်လို့ ဒီလို အလားတူ အဖြစ်အပျက်တွေကို မိမိတို့ပြည်သူတွေ ကျယ်ကျယ် လောင်လောင် မကြားခဲ့ကြရတာပါ။

လက်ရှိမှာ မိမိတို့ နိုင်ငံသားလူငယ်နှစ်ဦး အမှုမှန်ပေါ်ပေါက်ပြီး သေဒဏ်ကလွတ်မြောက်ဖို့ တရားဥပဒေဘောင်အတွင်းက အရှိန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ပေမယ့် ဒီလိုအလားတူပြဿနာ တွေ နောင်အခါမှာ ထပ်ဖြစ်မလာရအောင်လည်း နည်းလမ်း ရှာကြရမှာပါ။

ဒီနေရာမှာ ထိုင်းတွေကို လက်ညှိုးထိုးတာမျိုး၊ မြန်မာ့ဇာတိ မထိနဲ့ဆိုတာမျိုး၊ သံရုံးရှေ့ ဆန္ဒပြ တယ်ဆိုတာမျိုး၊ သက်ဆိုင်ရာ အာဏာပိုင်တွေကတဆင့် လွတ်မြောက်ရေး တောင်းဆိုခိုင်းတာ ဆိုတာ မျိုးလောက်နဲ့ ကျေနပ်တင်းတိမ်လို့ မရနိုင်ပါဘူး။ ဒီနည်းတွေဟာ တကယ်တော့ ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့နည်းနဲ့ အမယ်ဘုတ်ကဲ့သူ့ချည်ခင်ဆိုသလို ရှုပ်ထွေးလှတဲ့ အညှာမကိုင်မိစေတဲ့ ဖြေရှင်းနည်း တစ်ပွဲတိုးနည်းတွေပဲ ဖြစ်ပါတယ်။

အမှန်စင်စစ် ထိုင်းလိပ်ကျွန်း လူသတ်မှုလို အဖြစ်အပျက်မျိုး ထပ်မဖြစ်လာရအောင် မှန်ကန်စွာ ဖြေရှင်းတဲ့ နည်းကတော့ မိမိတို့နိုင်ငံ မိမိတို့လူမျိုး စီးပါွးရေး ပညာရေး အခြေအနေ များတောင့်တင်း မြင့်မားအောင် လုပ်ခွင့်ရှိတဲ့ ဒီမိုကရေစီ လူ့ဘောင် အမြန်ထူထောင်ဖို့ပဲ လိုအပ်ပါတယ်။ မှားယွင်းတဲ့ အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ယခုလို ဒဏ်ရာဒဏ် ချက်တွေကို  ကုစားဖို့ဆိုတာ မှန်ကန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့က အဓိက ကျပါတယ်။ မိမိတို့ ပြည်သူများ လိပ်ကျွန်းလူသတ်မှုလို ပြဿနာများကို အပြီးအပြတ် ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုသာ အဓိကထား ကိုင်တွယ် ဖြေရှင်းနိုင်ပါစေကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly