ထိုင်းသံရုံးရှေ့ဆန္ဒပြသူထဲမှ ငါးဦးဝင်ခွင့်ရပြီး တစ်ဦးပြန်ထွက်မလာ၍ ပြန်ခေါ်ထုတ်ပေးရန် တောင်းဆိုမှုဖြစ်

ထိုင်းသံရုံးရှေ့ဆန္ဒပြသူထဲမှ ငါးဦးဝင်ခွင့်ရပြီး တစ်ဦးပြန်ထွက်မလာ၍ ပြန်ခေါ်ထုတ်ပေးရန် တောင်းဆိုမှုဖြစ်
သံရုံးအတွင်းမှ ပြန်ထွက်မလာ၍ သံသယ အဝင်ခံရသည့် ကိုငြိမ်းချမ်းဆိုသူ သံရုံးအနီးတွင် ပြန်လည်ရှင်းပြနေစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။ ။ လိပ်ကျွန်းလူသတ်မှု စီရင်ချက်ချမှတ်သည့်အပေါ်မကျေနပ်၍ ရန်ကုန်မြို့ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြနေသူ လူရာပေါင်းများစွာထဲမှ ငါးဦးမှာ သံရုံးအတွင်းသို့ ဝင်ခွင့်ရခဲ့ပြီး သံမှူးနှင့် တွေ့ဆုံ စကားပြောကာ ပြန်ထွက်လာရာစောင့်ဆိုင်းနေသည့် လူအုပ်ကြီးကတစ်ဦးပြန်ပါမလာ၍ ထိုသူအား ပြန်လည်ခေါ်ထုတ်ပေးရန် လူအပ်ကြီးက တောင်းဆိုခဲ့သည်။

စောင့်ဆိုင်းနေသည့်လူအုပ်ကြီးက ''မျက်မှန်နဲ့လူတစ်ယောက် ဘာလို့ပြန်မထွက်လာတာလဲ'' ''သူတို့လူ ဓါးလျှိုဖြစ်နိုင်တယ်'' ''အဲ့ဒီလူကို အခုခေါ်ထုတ်ပေး'' ဟူ၍ အော်ဟစ်ခဲ့ကြသည်။

ယနေ့နံနက် ၁၁ နာရီမှ စတင်ကာ ထိုင်းသံရုံးရှေ့တွင် ''We Want Justice'' ဟုကြွေးကြော်နေသော လူအုပ်ထဲမှ ခေါင်းဆောင်ငါးဦးအား နေ့လယ် ၃ နာရီခန့်တွင် ဝင်ခွင်ပြုခဲ့ပြီးသံမှူးက တစ်ဦးလျှင် စကားတစ်ခွန်းစီ ပြောခွင့်ပြုကြောင်း ဝင်ခွင့်ရခဲ့သည့် လေးရပ်ဝတီငြိမ်းချမ်းရေးအဖွဲ့မှ ကိုကျော်စိုးမိုးက မဇ္ဈိမသို့ပြောသည်။

''အဲ့ဒီလူဘယ်သူလဲ ကျွန်တော်တို့မသိဘူး၊ ခေါ်ချိန်တောင်မရလိုက်ဘူး၊ နောက်ပေါက်က ထွက်သွားတယ်။ မီဒီယာလည်း မဟုတ်ဘူး။ ဒီလိုနှစ်ဖက်ချွန်တွေ ပါနေတဲ့အတွက် သံရုံးကို ဆက်ပြနေရင် မိုးလင်းသွားမယ်'' ဟု ၎င်းက ဆိုသည်။

ဝင်ခွင့်ရခဲ့သည့် အမျိုးသားတစ်ဦးကလည်း ငါးယောက်ဝင်ခွင့်ပေးသည့် အချိန်တွင် မျက်မှန်နှင့် ကိုငြိမ်းချမ်းဆိုသူမှာ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်သည်ဟု ဆိုကာ လိုက်ဝင်ခဲ့ကြောင်းပြောကြားသည်။

''သူက အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ် ဆိုပြီးလိုက်လာတယ်။ အထဲမှာ သံမှူးက တစ်ယောက်တစ်ခွန်းပဲ မေးခိုင်းတာ၊ သူကအင်္ဂလိပ်လိုအများကြီး၊ အကြာကြီးပြောနေလို့ ကျွန်တော်က တော်တော့ ငါတို့လည်းပြောမယ်ဆိုပြီး တားရတယ်။ သံမှူးကလည်းဝင်ကတည်းက ပြောတယ် ငါအင်္ဂလိပ်လို ကောင်းကောင်းမတတ်ဘူး၊ ဘေးမှာစကားပြန် မြန်မာကောင်မလေး တစ်ယောက်ရှိတယ်။ ပြန်ထွက်လာတော့သူမပါလာဘူး။ ရဲမှူးပြန်ခေါ်ထားတယ်ပြောတယ်။'' ဟု ၎င်းအမျိုးသားက ပြောသည်။

ဝင်ခွင့်ရရှိသည့်သူများက ပြန်ထွက်လာကာ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးအား သံမှူးနှင့် တွေဆုံ ပြောကြားမှုကို အော်လံငယ်ဖြင့် ပြန်လည်ရှင်းပြကြပြီး တစ်နာရီခန့်အကြာတွင် ရဲမှူးဖုန်းဆက် ခေါ်၍ ဟုဆိုကာ ပျောက်ဆုံးနေသည့် ကိုငြိမ်းချမ်း ဆိုသူ ရောက်လာပြီး လူအုပ်ကြီးအား သံမှူး နှင့် တွေ့ဆုံမေးမြန်းမှု နှင့် ၎င်းပျောက်သွားရသည့် အကြောင်းရှင်းပြသည်။

''ကျွန်တော် သတိတစ်ချက်လွတ်သွားပါတယ်။ အဲ့ဒီအတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ အဲ့အတွက် အလုပ်ကိုဖျက်ပြီးပြန်လာခဲ့ပါတယ်။ ကျွန်တော်လည်း ကိုယ့်နိုင်ငံသားတွေ ဒီလိုမတရားခံရတဲ့အတွက်ကြောင့် ဒီကိုလာခဲ့ရခြင်းဖြစ်ပါတယ်။ သတိလွတ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ကားကလဲ ရဲကားရှေ့မှာ ပိတ်နေတဲ့အတွက် သွားရွှေ့နေရတယ်။'' ဟု ကိုငြိမ်းချမ်းက လူအုပ်ကြီးအား ရှင်းပြခဲ့သည်။

၎င်းက ထိုသို့ပြောပြီး ပြည်လမ်းထိပ်မှ ထိုင်းသံရုံးရှေ့သို့ပြေးထွက်သွားခဲ့သည်။

စောင့်ဆိုင်းနေသည့် လူအုပ်ကြီးထဲ အမျိုးသားတစ်ဦးက "ကျွန်တော်တို့သည်မြန်မာနိုင်ငံသားနှစ်ဦး အတွက် အချိန်ပေး၊ အလုပ်ဖျက်၊ အသက်ပါပေး၍ မနက်ကတည်းက တရားမျှတမှုအတွက် စောင့်ဆိုင်းနေခဲ့ပြီး ကိုငြိမ်းချမ်း ယခုကဲ့သို့ သတိတစ်ချက်လွတ်သွားသည်မှာ မဖြစ်သင့်" ဟု ဝေဖန်ခဲ့သည်။

နံနက် ၉ နာရီခန့်မှ စတင်ဆန္ဒပြခဲ့သည့် ရာပေါင်းများစွာသော လူအုပ်ကြီးသည် ညနေ ၅နာရီခွဲ အချိန်တွင် လူစုကွဲသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly