အသီးသီးဖို့ ကြာကြာစောင့်ဖို့မလိုတဲ့ ဗီတာမင် ကြွယ် နှစ်ရှည်ပင် ကြယ်ပဲရဲ့ အလားအလာ

25 December 2015
အသီးသီးဖို့ ကြာကြာစောင့်ဖို့မလိုတဲ့ ဗီတာမင် ကြွယ် နှစ်ရှည်ပင် ကြယ်ပဲရဲ့ အလားအလာ

ခုတစ်လော ရေပန်းစားလာတဲ့ စိုက်ပျိုးရေး ပဲမျိုးစေ့တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ငါးမြှောင့်ပုံအသီးတွေ သီးလာတဲ့ ပဲပင်မျိုးနွယ်ဝင်“ ကြယ်ပဲ ” ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်ကစပြီးတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍထဲကို ထိုးဖောက် ဝင်ရောက်လာခဲ့တဲ့ ပဲအမျိုးအစားဖြစ်ပါတယ်။ ငါးကြီးဆီနဲ့ သံလွင်ဆီတွေမှာသာ ပါဝင်တဲ့ Omega 3.6.9 တွေကလဲ ကြယ်ပဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ အဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ကြယ်ပဲက နှစ်ရှည်ပင်လဲ ဖြစ်ပါတယ်။ တခြားနှစ်ရှည်ပင်တွေလို အသီးသီးဖို့ အချိန်ကြာကြာ မစောင့်ရတဲ့ ကြယ်ပဲကတော့ စိုက်ပြီးတော့ ၈ လလောက်အကြာမှာ စိုက်ပျိုးသူ တောင်သူတွေ အတွက် ဝင်ငွေရရှိစေမှာ ဖြစ်ပါတယ်။  ကြယ်ပဲ စိုက်ပျိုးရာမှာ ဘာတွေလိုအပ်သလဲ သူရဲ့ဈေးကွက်ကရော ဘယ်လို ရှိနေသလဲ  ဒါတွေကလဲ စိုက်ပျိုးရေး ထွက်ကုန်သစ် ဖြစ်တဲ့ အတွက် တောင်သူတွေအတွက် စိုက်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပါတ် The Farmer  အစီအစဉ်အတွက် တင်ပြချင်တဲ့ အကြောင်းအရာကတော“့ ကြယ်ပဲ ” စိုက်ပျိုးရေး အကြောင်းပဲ ဖြစ်ပါတယ်။

ကြယ်ပဲရဲ့ အဓိက မျိုးရင်းတွေ တည်ရှိတဲ့ နေရာကတော့ တောင်အမေရိကတိုက် ပီရှုးနိုင်ငံရဲ့ အမေဇုန် သစ်တောတွေထဲမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ SACHA INICHI  လို့ခေါ်ပါတယ်။ ဒီအပင်ရဲ့ အသီးက ငါးမြှောင့်ပုံစံ ရှိတဲ့ အတွက်“ ကြယ်ပဲ ” လို့ မြန်မာမှု ပြုပြီးတော့ ခေါ်တာလို့ သိရပါတယ်။ မြန်မာနိုင်ငံ နာဂဒေသနဲ့ ရိုးမ တောတွေမှာလဲ အလေ့ကျပေါက်တယ်လို့ ကြယ်ပဲလေ့လာသူတွေက ဆိုကြပါတယ်။ ဒါပေမယ့် အသီးရဲ့ ပုံသဏ္ဍာန်ကတော့ ငါးမြှောင့် မပြည့်ပဲနဲ့ သုံးမြှောင့် လေးမြှောင့်သာ ရှိတယ်လို့ သိရပါတယ်။ ကြယ်ပဲရဲ့ အညွှန့် အရွက် အစေ့တွေမှာ လူသားတွေကို အကျိုးပြုအဟာရတွေ သက်စောင့်ဓာတ်တွေ ပါဝင်တဲ့ အတွက် စိုက်သင့်တဲ့ စိုက်ပျိုးထွက်ကုန်တွေ ဖြစ်သလို စီးပွားရေး အရလဲ တွက်ချေကိုက်မယ့် စိုက်ပျိုးသီးနှံ ဖြစ်ပါတယ်။

နောက်တစ်ခုက ဘာလဲဆိုရင် သူက အလွယ်တကူ စိုက်လို့ရတယ်လေ။ ဥပမာ ကျွန်တော်တို့က စိုက်ခင်းအကြီးကြီး မဟုတ်ဘူး ခင်ဗျ။ ကိုယ့်အိမ်တွင်းမှာပဲ ကိုယ့်ဟာကိုယ် တစ်ပင်နိုင်ရင် တစ်ပင်စိုက်ထားလိုက်ရင် ကျွန်တော်တို့က ဒီတစ်စေ့ကနေ စိုက်လိုက်တဲ့ အပင်က ကျွန်တော်တို့က အညွှန့်ဆိုလည်း ကျွန်တော်တို့က အညွှန့်လေး ဖြတ်လိုက် အညွှန့်လေးကို ဟင်းသီးဟင်းရွက်လေးနဲ့ ကြော်စားလိုက် အဲမှာ ဗီတာမင် အပြည့်အဝပါတယ်။ အပြည့်အဝပါတော့ ကျွန်တော်တို့ ကျန်းမာရေးအတွက်လည်း ကိုက်ညီတာပေါ့။ အကယ်၍ များလာလို့ အရွှက်လေးကို ခူးအခြောက်ခံ လက်ဘက်ခြောက်ခတ်ဆိုရင် တန်ဖိုးမြင့်တဲ့ အဟာရတွေ ရမယ်။ ဒီလိုပဲ များလာလို့ အသီးအပွင့်တွေ ဖြစ်လာလို့ အသီးတွေ ဖြစ်လာမယ်ဆိုရင် အဲအစေ့ကပဲ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ပဲ မရောင်းကြနဲ့အုံး လှော်ပဲစားစား ခုနကပြောတဲ့ အဟာရ အပြည့်အဝ ပါတယ်။

ဒါက နည်းနည်းလေး ကိစ္စလေးပဲ ကျွန်တော်အရင်ပြောတာပါ။ များလာတယ်ဆိုရင် ဒါက အိမ်တွင်းမှု ကိုယ့်ခြံဝိုင်းထဲမှာ ဆေးပင်တစ်ပင် စိုက်ထားတဲ့ အနေထားကို ပြောတာ။  များများစိုက်မယ်ဆိုလဲ စိုက်ပျိုးတဲ့ အနေနဲ့က လွယ်လွယ်ကူကူ စိုက်ပျိုးလို့ ရတယ်။ ဘာလို့ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ရလဲဆိုရင် ပဲမျိုးနွယ် ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က သူကို အခြားအပင်စိုက်သလိုပဲ ယူရီးယားတို့ နိုက်ထရိုဂျင်တို့ မြေသြဇာတွေ သိပ်ပြီး ပေးစရာမလိုဘူး။ သူကပဲမျိုးနွယ် ဖြစ်တဲ့အတွက်ကြောင့်မို့ မြေသြဇာသိပ်မလိုဘူး။ အခြားမြေသြဇာတော့ ပုံမှန်အတိုင်း တော့ လိုတာပေါ့။ အဲဒီမြေသြဇာဖိုးလဲ သက်သာတယ်။ နောက်မြေကိုလဲ သူက ပဲမျိုးနွယ် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့  မြေကြီးကို သူက ကောင်းစေတယ် ခင်ဗျ။ ဆိုတော့ မြေကြီးကို မပျက်ဘူးပေါ့ဗျာ။

မြန်မာနိုင်ငံကို ကြယ်ပဲ ရောက်ရှိလာပုံကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ဝန်းကျင်က ကချင်၊ ရှမ်းနှင့် ဧရာဝတီတိုင်းတွေမှာ စတင်စိုက်ပျိုးခဲ့ပါတယ်။ မျိုးစေ့ကိုတော့ များသောအားဖြင့် ထိုင်းနိုင်ငံကနေ တင်သွင်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

 ကြယ်ပဲဟာ အပူပိုင်းပင်လို့ ပြောလို့ရပါတယ်။  ဒါပေမယ့်လည်း ရေအသင့်တင့်ပေးပြီးတော့ စိုက်ပျိုးဖို့အတွက် လိုအပ်ပါတယ်။ အရမ်းအေးတဲ့ ဒေသတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အသီးထွက်နှုန်း နည်းမယ်လို့ သိရပါတယ်။ နှစ် ၃၀ ကနေ နှစ်၅၀ ထိ ၁၂ ရာသီကာလပတ်လုံး အသီးခူးနိုင်တဲ့ နှစ်ရှည် နွယ်ပင်တစ်မျိုးလဲ ဖြစ်နေပါတယ်။ ဒါကြောင့် အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုသလိုပါပဲ။ ခြံစည်းရိုးစိုက်ပျိုး မှုပဲ ဖြစ်ဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးတာပဲ ဖြစ်ဖြစ် စီးပွားဖြစ်စိုက်ပျိုးတာပဲ ဖြစ်ဖြစ် ဘက်စုံ စိုက်ပျိုး နိုင်ပါတယ်။

 ကြယ်ပဲ စိုက်ပျိုးရေးကို လေ့လာနိုင်ဖို့အတွက် ရန်ကုန်နေပြည်တော် အမြန်လမ်းရဲ့ ၁၆ မိုင်ခွဲမှာ ရှိတဲ့ AGAWIN-KEYSTONE CO,LTD  ကြယ်ပဲ စိုက်ခြံတစ်ခုကို သွားရောက်လေ့လာ ခဲ့ပါတယ်။ ဒီမှာတော့ ကြယ်ပဲစိုက်ဧက ၃၀ လောက်ရှိပါတယ်။ ဒီခြံမှာ ကြယ်ပဲတွေကို ဘယ်လို စိုက်ပျိုးထားသလဲ ဘယ်လို ထိန်သိမ်း စောင့်ရှောက်ထားသလဲ ဒါတွေကို လေ့လာရအောင်ပါ။

ကြယ်ပဲကို စိုက်ပျိုးတော့မယ်ဆိုရင် အစေ့တိုက်ရိုက်ချ စိုက်ပျိုးနည်းနဲ့ ပျိုးပင် စိုက်ပျိုးနည်းဆိုပြီး ရှိပါတယ်။  စိုက်ပျိုးတော့မယ်ဆိုရင် ကြယ်ပဲကို ၂၄ နာရီလောက် ရေစိမ်ထားဖို့ လိုအပ်ပါတယ်။ အစေ့ချ စိုက်ပျိုးနည်းမှာတော့ စိုက်ပြီးတော့ ငါးရက်ကနေ ၇ရက်တွင်း အပင်ပေါက်ပါတယ်။ ပျိုးထောင်စိုက်ပျိုးနည်းကို သုံးမယ်ဆိုရင်တော့ ပျိုးပင်သက်တမ်း ၂၇ ရက်လောက်ဆို မြေချ စိုက်ပျိုးနိုင်ပါတယ်။ အခုရောက်နေတဲ့ ကြယ်ပဲခြံကတော့ အစေ့တိုက်ရိုက်ချ စိုက်ပျိုးနည်းကို အသုံးပြုပြီးတော့ စိုက်ပျိုးထားပါတယ်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းကိုလဲ ဒီခြံရဲ့ တာဝန်ရှိသူတစ်ယောက် ဦးထွန်းနိုင်က အခုလို ရှင်းပြပါတယ်။

ဒီပင်နဲ့ ပတ်သက်လို့ စစိုက်ကတည်းက အစေ့တိုက်ရိုက်ချတဲ့ စနစ်ရှိတယ်။ အစေ့ချတော့ ကျင်းတူးတာပေါ့နော်။ ကျင်းကို တစ်ပေခွဲ ပတ်လည် တူးတယ်။ ပြီးတော့ အဲမှာ တော့ပ်စတိုက် သုံးပုံ တစ်ပုံ ထည့်တယ်။ တစ်ချို့ NPK  ထည့်တဲ့သူလဲ ရှိတယ်။ ထည့်ပြီးတော့ နှစ်ရက်လောက် ရေလောင်းပြီးတော့ မြေကြီးနဲ့ နှပ်ထားရတာပေါ့။ နှပ်ထားပြီးမှ ဒီကြယ်ပဲကို နှစ်ရက် ရေစိပ်တာ။ မွမ်ချာ နည်းတဲ့ကြယ်ပဲဆို နှစ်ရက်စိမ်ရတယ်။ မွမ်ချာများတဲ့ ကြယ်ပဲဆို တစ်ရက်ပဲ စိမ်ရတယ်။ စိမ်ပြီးတော့ တိုက်ရိုက်စိုက်တဲ့ စနစ်က အကောင်းဆုံးပဲ။ အဲလိုမစိုက်ခင် မြေကြီး ကျင်းထဲမှာ ရှိတဲ့ မှိုတွေ ပိုးတွေကို ရွှေဝသန်တို့ ဖန်းဂီးဆိုဒ် ဆေးတွေနဲ့ သတ်တာပေါ့။ ဒိုင်သိမ်းတို့ ဖျန်းတာပေါ့။

ကျွန်တော်တို့ အရေးကြီးဆုံးက ကျင်းတူးကတည်းက ကျင်းထဲမှာ ပိုးမရှိအောင်လို့ ပိုးသတ်တယ်။ ပိုးသတ်ပြီးတော့ မြေဆွေး ဖြည့်တယ်။ ဖြည့်ပြီးတော့ ပြီးတာနဲ့ ရေနဲ့ နှစ်ရက် နှပ်တယ်။ နှပ်ပြီးတော့ မျိုးစေ့လေးတွေကို စုလိုက်တာပေါ့။  စုပြီးတော့ တစ်ကျင်းမှာ ကျွန်တော် ခုစိုက်ထားတဲ့ စနစ်က သုံးပင် စနစ်နဲ့ စိုက်လို့ရတယ်။ ဘာလို့ဆိုရင် ဒီကောင်ကနေ အောက်ကို ၅ပေ ၆ပေ လောက်ပဲသွားတယ်။ ကျန်တဲ့ အမြစ်တွေက ဘေးသွားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့က ဘေးမှာ မြေနေရာရှိလို့ ရှိရင် သူအစိုဓာတ်ရှိရင် လက်ရှိအနေထား  တစ်ဧကကို 2KG  လောက်စိုက်ရင် ရတယ်။ တစ်ပင်နဲ့ တစ်ပင် အကွာဝေးကျတော့ ၉ပေ ၇ပေ စနစ်က အရမ်းကောင်းတယ်။ ၉ပေ ၇ပေဆိုတော့ ကျွန်တော်တို့ ၆၉၀ လောက်ပါတာပေါ့။ 1 KG  ဆိုရင် ၆၅၀နှင့် ၇၀၀ ကြားမှာ ပါတယ်။  တကယ်လို့ စိုက်ခင်းအတွက်ထောင်မယ်ဆိုရင် 2KG လောက် စပြီးစိုက်လို့ ရတယ်။

စိုက်ပျိုးပြီး ရက်၃၀ လောက်ရောက်လာပြီဆိုရင်တော့ ကြယ်ပဲတွေ တက်နိုင်အောင် တိုင်ထောင်ပေးဖို့အတွက် လိုအပ်ပါတယ်။ အသုံးပြုတဲ့ တိုင်ကိုတော့ ဝါး၊ သစ်သား၊ ကျောက်တိုင် စတာတွေကို သုံးပေးလို့ ရပါတယ်။ ဒါပေမယ့် နှစ်ရှည်ပင် ဖြစ်တဲ့ အတွက်ကြောင့် ကျောက်တိုင်က အသင့်တော်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ကြယ်ပဲ ပင်ဟာ စိုက်ပြီး နှစ်လခွဲ ဝန်းကျင်ဆိုရင် အမြင့် ၅ပေခွဲလောက် ရောက်လာပါတယ်။ အဲဒီမှာတော့ ပင်စည်ရဲ့ အညွန့် ထိပ်ပိုင်းတွေကို အပင်ကိုင်းတွေ ပြန့်ပွားလာအောင် ဖြတ်ပေးဖို့ လိုအပ်ပါတယ်။

ရေကိုတော့ ပုံမှန်အားဖြင့် သုံးရက်ကို တစ်ကြိမ်လောက် လောင်းပေးဖို့ လိုအပ်ပါတယ်။ စိုက်သက်တမ်း လေးလ ငါးလလောက်မှာ အပွင့်တွေ ပွင့်လာပြီး အသီးတွေ သီးပါတယ်။ အသီးတွေ သီးပြီး တစ်လခွဲ ဝန်းကျင်ဆိုရင်တော့ အသီးတွေ ခြောက်လာပါပြီ။ ခူးလို့ရပါပြီ။ အပွင့်သီးများများ တင်ဖို့အတွက် အပွင့် ပွင့်ချိန်မှာ ဆေးဖြန်းပေးဖို့ လိုအပ်တယ်လို့လဲ သိရပါတယ်။ ဒီလိုအခြေအနေကနေ ရှေ့ဆက်လုပ်ရမယ့် အနေအထားတွေကို ဦးထွန်းနိုင်ကပဲ ဆက်လက်ပြီး ရှင်းပြပါတယ်။

သူက အကောင်းဆုံးက ဖော်လီယာ ဖျန်းရတယ်။ ရွက်ဖျန်းအားဆေးပေါ့။ ဖော်လီယာ ဖျန်းတော့ အပွင့်လဲ လိုက်တယ်။ အသီးလဲ ကပ်တယ်။ အဲတာကြောင့် ဒီအတန်း တစ်တန်းဆို ကြယ်ပဲအလုံး အနည်းဆုံး ၃၀ နဲ့ ၅၀ကြားမှာ သီးတယ်။ သူရဲ့အထွက်နှုန်းက ပျမ်းမျှ တစ်ဧကကို အပင်တစ်ထောင် စိုက်မယ်ဆိုရင် ခြောက်ပေအကွာနဲ့ စိုက်မယ်ဆိုရင်  တစ်ဧက ကို တစ်ပင် အဲဆိုရင် တစ်ပင်က ပထမနှစ်မှာ 1KG  အထွက်နှုန်းရှိတယ်။ တစ်ဧက ဆိုရင် KG အနေထားနဲ့ ဆိုရင် တစ်တန်ပေါ့ အနည်းဆုံး ရှိတယ်။

ကြယ်ပဲ စိုက်ပျိုးနည်းမှာ ဂရုစိုက်ပြီးတော့ ပြုစုစောင့်ရှောက်ရမယ့် အချက်အချို့လည်း ရှိနေပါတယ်။ အဲတာတွေကတော့ နွေရာသီမှာ ရေနိုင်ဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာတော့ ရေဝက်တဲ့ နေရာတွေမှာ မှိုဆေး ဖျန်းပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ စိုက်ပင် အကွားဝေးလိုက် တစ်နှစ်မှာ နှစ်ကြိမ်လောက် မြေဆွပေးဖို့ လိုအပ်ပါတယ်။ ကြယ်ပဲကို စားသုံးကုန် ဆေးဝါးကုန်နဲ့ အလှကုန်တွေမှာ အသုံးပြုတာ ဖြစ်တဲ့ အတွက်ကြောင့်  ဓာတုဆေးဝါး ဓာတုမြေသြဇာတွေ သုံးပြီး စိုက်ပျိုးတာထက် သဘာဝ မြေသြဇာ သုံး အော့်ဂဲနစ် နည်းနဲ့ စိုက်ပျိုးတာက ပိုပြီး သင့်တော်တယ်လို့ ဆိုပါတယ်။ ရောင်းချတဲ့ နေရာမှာ ဈေးကွက်ရတယ်လို့လဲ သိရပါတယ်။

ကြယ်ပဲစိုက်ပျိုးမှုနဲ့ပတ်သက်ြ့ပီး အော်ဂန်းနစ် စိုက်ပျိုးရေးတာဝန်ခံ ဦးမျိုးနိုင်ကလည်း အခုလို ရှင်းပြပါတယ်။

ကြယ်ပဲက ငါးကြီးဆီ အစားသုံးတာပေါ့။ ငါးကြီးဆီဆိုတာ ဆော်လမွန် ငါးက လာတာပေါ့။ နောက်ပြီးတော့ မီဂါဒေးနီးယားဆိုတဲ့ အပင်ရဲ့ အသီးပေါ့နော်။ အသီးကနေ အဆီကို မီဂါ 3 ကို ရတယ်။ ကြယ်ပဲမှာ ထူးခြားနေတာက အဲဒီလို ငါးကြီးဆီး အစားကို သုံးစွဲလို့ ရတယ်။  ကြယ်ပဲမှာ အဓိက ပါဝင်နေတာက Omega 3  ဆိုရင် 54%  Omega 6 ဆိုရင် 33% ပါတယ်။ Omega 9 ဆိုရင် 7.2% ပါတယ်။ ပါတော့ ဒီအရာတွေက လူတွေအတွက်ကို နိုင်ငံခြားတွေကော မြန်မာနိုင်ငံကော စားသုံးသူ ဘက်ကနေ အကျိုးရှိရှိ သုံးစွဲမယ် စားမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးမပါတဲ့ စိုက်ပျိုးရေး နည်း စနစ်ကိုမှ သုံးစွဲလို့ ရပါမယ်။

အဲလို သုံးမယ်ဆိုရင် အော်ဂဲနစ် နည်းစနစ်က အကောင်းဆုံး ဖြစ်တဲ့ အတွက် လူတွေအတွက်ကို ဆေးဝါးပဲ သုံးသည် ဖြစ်စေ၊ အလှကုန် ပစ္စည်းအတွက်ပဲ သုံးစွဲသည် ဖြစ်စေ၊ စားသောက်ကုန် အဖြစ်ပဲ သုံးစွဲသည် ဖြစ်စေ အော်ဂဲနစ် နည်းစနစ် သွားမှာ ဖြစ်တဲ့ အတွက် အော်ဂဲနစ်နဲ့ ပဲ စိုက်ပျိုးသင့်တယ် ဆိုပြီးတော့ လူတွေက သတ်မှတ်ထား ခဲ့ပါတယ်။ ဈေးကွက်မှာလဲ ကျွန်တော်တို့ ဒီလိုပဲ သတ်မှတ်ထားပါတယ်။ အဲတော့ကျွန်တော်တို့ အနေနဲ့လည်း အများလက်ခံနိုင်တဲ့ အတိုင်းတာ နောက်ပြီးတော့ ခုက အော်ဂဲနစ် နည်းစနစ်ထဲမှာ အချက်ကြီး လေးချက်မှာ ဘောင်ဝင်တဲ့ အသီးနှံမျိုးလဲ ဖြစ်နေတယ်။ ပိုပြီးတော့လည်း ထိရောက်စေချင်တဲ့ အတွက် ဒီအော်ဂဲနစ်နဲ့ပဲ ကြယ်ပဲကို စိုက်ပျိုး ကြပါတယ်။

ဒီလိုစိုက်ပျိုးမှုပြီးတော့ ဖြစ်ထွန်းလာတဲ့ ကြယ်ပဲတွေကနေ ဘာတွေကို ထုတ်လုပ်နိုင်တယ် ကုန်ပစ္စည်းနဲ့ ဈေးကွက် အနေထားကော  ဘယ်လိုတွေ ရှိနေမလဲဆိုတာ ကြည့်ရအောင်ပါ။

ကြယ်ပဲကနေ ရလာတဲ့ ကုန်ကြမ်းကနေ ကြယ်ပဲ ရွက်ခြောက်၊ ကြယ်ပဲ စေ့လှော၊် ကြယ်ပဲ ဆီသန့်၊ ကြယ်ပဲ ငါးကြီးဆီ၊ ကြယ်ပဲ ကော်ဖီမစ်၊ အကြော်မှုန့်၊ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ ရေချိုး ဆပ်ပြာရည်နဲ့ အလှကုန် အမျိုးစားပေါင်း များစွာ ထုတ်လုပ်နိုင်ပါတယ်။ ဈေးဘက်ဝင် ကြယ်ပဲစိုက်ပျိုးရေးကိစ္စကို ဦးထွန်းနိုင်ကပဲ ဆက်လက် ရှင်းလင်းပြောပြပါတယ်။

ဆီအနေထားနဲ့ ပတ်သက်ရင် ဒီကောင်က ၂၀၀၇ မှာ ပြင်သစ်နိုင်ငံမှာ စားသုံးတဲ့ ဆီ ပြိုင်တဲ့ ပြိုင်ပွဲလုပ်တော့ ဒီ SACHA ရည်က ရွှေတံဆိပ် ဆုရတယ်။ ရွှေတံဆိပ်ရတော့ ကျွန်တော်တို့က ဒီကောင်ကို နိုင်ငံခြား ကုမ္ပဏီက အလီဘားဘားတို့ ပြီးရင် Market  တစ်ယောက်လေ။ အဲ Market တွေက တင်ထားတဲ့ ဥစ္စာ အဲကမှ တစ်ဆင့် လောလောဆယ် မှာနေရတယ်လေ။ ဆိုတော့ ဒီက သူတို့သုံးတာ စာသုံးဆီ စာသုံးဆီက ပရိုတင်း များတဲ့ အတွက်နဲ့  အော်ဂဲနစ်နဲ့ သုံးလို့ရတဲ့ ထွက်လာတဲ့ အသီးတွေကို သူတို့က ကြိုက်တာပေါ့နော်။ လက်ရှိအနေထား ဆိုရင် ကျွန်တော်တို့ 100 စီစီဆိုရင် ပိုက်ဆံ မြန်မာငွေ ၇၀၀၀ ရှိတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ဟာကိုယ်ဝယ်မယ်။ ကိုယ့်ဟာကိုယ် ထုတ်မယ်ဆိုရင် 100 စီစီကို အနည်းဆုံး ၄၀၀၀ ကျပ်လောက်ရမယ်ပေါ့။ ပြီးတော့ လ္ဘက်ခြောက် ထုတ်မယ့်သူတွေ ရှိမယ်။ ပြီးရင် လ္ဘက်ခြောက်ဈေးကလဲ Packet  တစ်ခုကို ၂၀၀၀ လောက် ရောင်းတာပေါ့။ အထုပ်သေးသေးလေးလေးက အထုပ် ၂၅ လောက်ပါတယ်လေ။ တစ်ချို့ ဆေးပိုင်းဆိုင်ရာ အသုံးဝင်မှုတွေလည်း ရှိတယ်။

ပြည်တွင်းမှာတော့ ကြယ်ပဲ စိုက်ပျိုးမှု သက်တမ်းဟာ နှစ်နှစ် ဝန်းကျင်သာ ရှိနေသေးတဲ့ အတွက် ကုန်ချော ထုတ်လုပ်မှုတွေ မရှိသေးပါဘူး။ ကြယ်ပဲက ထွက်တဲ့ ကုန်ကြမ်းကို ပြည်ပတင်ပို့ ရောင်းချမှုတွေကိုပဲ အဓိထားရမှာဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက ကုမ္ပဏီတွေက မှာယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကြယ်ပဲ ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးဝင်းမော်က ကြယ်ပဲရောင်းချနိုင်မှု အခြေအနေများကို အခုလို ရှင်းပြပါတယ်။

ကျွန်တော်တို့ နိုင်ငံကလဲ ခုနက ဈေးကွက် သဘောတရားအရ ပြောမယ်ဆိုရင် သူတို့ကတော့ အခြေခံ သဘောတရားကတော့ သူတို့ ဘတ်၅၀ ပေါ့။ ဒီဘက်ကနေ ကြယ်ပဲ တစ်ကီလိုကို ဘတ် ၅၀ နဲ့ ဝယ်ဖို့ တော့ သူတို့က ပြောထားတာပေါ့။ အကြမ်းဖျင်း ဈေးနှုန်းကို ပြောမယ်ဆိုရင် ဗမာငွေ လဲလှယ်နှုန်း အကြမ်းဖျင်းပေါ့ ၃၀ နဲ့ပဲ ပြောမယ်ဆိုရင် ၁၅၀၀ အခြေခံတော့ ရှိပါတယ်။ လောလောဆယ်ဒါက အခြေခံ အကျဆုံး ဈေးနှုန်းပေါ့။ ဒါက အနည်း ဆုံးရနိုင်တဲ့ ဈေးနှုန်းပေါ့။ အဓိကတော့ သူတို့နိုင်ငံမှာ ဝယ်မယ်။ ကျွန်တော်တို့က တစ်ဆင့်ခံ ဖြစ်နေတာကိုး။ ကျွန်တော်တို့ကိုယ်တိုင်က လောလောဆယ် မပို့သေးတော့ ပို့တယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် လောလောဆယ် အတုယူ အခြေခံ ပြီးတော့ပဲ ကျွန်တော်တို့ ပြောရမှာပေါ့။

 ပြောမယ်ဆိုရင် သူက ကြယ်ပဲ ဝယ်မှာပဲ။  ကြယ်ပဲစေ့ကို ဝယ်ပြီးတော့ သူက ဆီကျိတ်မယ်။  ဆီကျိတ်ပြီးတော့ သူ့အဆက်စပ်ရှိပြီးသား နိုင်ငံကို တင်ပို့ ရောင်းချနိုင်ပါတယ်။ ဒါက သူရဲ့ ဈေးကွက်ခိုင်မှာ မှုပေါ့။ ကျွန်တော်တို့ရဲ့ အလားလာကတော့ကျွန်တော်တို့ နိုင်ငံမှာ ကြယ်ပဲ ပထမဆုံး ပြောမယ်ဆိုရင် စိုက်ဖို့ပဲ အရေးကြီးတယ် ခင်ဗျ။ စိုက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ ပမာဏ များလာပြီ ဆိုရင် ပြည်တွင်းရှိတဲ့ ပဲ အိတ်စပို့စ် တွေက လုပ်မယ့်သူတွေက ပမာဏ များလာရင် ကျွန်တော်တို့ တင်ပို့လို့ ရမှာပါ။

နောက်ပြီးတော့ ပြည်တွင်းကလဲ လူမျိုးစုံက ကျွန်တော်တို့ ကြယ်ပဲ ကို အတင်းစိတ်ဝင်းစားတဲ့ အဖွဲ့အစည်းတွေလည်း အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာဆို လေးငါး ခြောက်ဖွဲ့လောက်ရှိပါတယ်။ အစုအဖွဲ့ ကြယ်ပဲ စိုက်ပျိုးသူများ အဖွဲ့ အသင်းအဖွဲ့ မျိုးစုံနဲ့ သူဟာနဲ့သူ အလျို ပလျိုလေး ဖွဲ့စည်းထားပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ကြယ်ပဲ မျိုးစေ့ကို တင်သွင်းရောင်းချတဲ့သူ ကြယ်ပဲ ချစ်သူများအသင်း မျိုးစုံနဲ့ အဖွဲ့စည်းပေါင်း မြောက်များစွာနဲ့ ဆိုရင် လေးငါး ဆယ်ဖွဲ့လောက် ရှိပါတယ်။  သူတို့လဲ သူတို့စွမ်းအင်နဲ့ သူတို့ နိုင်တဲ့ စွမ်းအင်နဲ့ သူတို့ လုပ်ဆောင်နေကြပါတယ်။ အဓိက တော့ ပထဆုံး စိုက်ပျိုးဖို့ပါပဲ။  စိုက်ပျိုးပြီးသွားရင် ပြန်ပြီး ရောင်းချဖို့တော့ ခုနက ကျွန်တော်ပြောသလိုပါပဲ။ ယိုးဒယားကတော့ အခြေခံပေါ့။ ကျွန်တော်တို့ အဲတာက များလာပြီဆိုရင် နိုင်ငံတကာကို တင်ပို့ ရောင်းချဖို့ ဒီလိုပဲ ဈေးကွက် ဖြစ်လာမှာပါ။

အခုဆိုရင် ကြယ်ပဲကနေ ထွက်တဲ့ ကုန်ပစ္စည်းတွေက နိုင်ငံတကာ ဈေးကွက်ကိုလည်း ထိုးဖောက် ဝင်ရောက်နေပါပြီ။ ကြယ်ပဲပင်တစ်ပင်လုံးရဲ့ အရွက်ကနေ အစေ့ထိ စားသုံးလို့ ရသလို စိုက်ပျိုးပြီးထွက်ရှိလာတဲ့ ကြယ်ပဲ စေ့တွေက ကုန်ခြောက်ဖြစ်တဲ့ အတွက် ဈေးကွက်အရောက်ပို့ဆောင် ရေးအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါအပြင် ကျန်းမာရေးအတွက် ဖြည့်စွတ်စာ ဖြစ်တဲ့ အတွက်ကြောင့်လည်း မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးဖို့ အတွက်သင့်တော်တဲ့ အပင်ဖြစ်ပါတယ်။

 ကြယ်ပဲဟာ နှစ်ရှည်ပင် ဖြစ်ပေမယ့်လည်း စိုက်ပြီးတော့ အနည်းဆုံး ၉လကနေစပြီး အသီးခူးဆွတ်နိုင်တဲ့ အတွက် စီးပွားဖြစ် စိုက်ပျိုးမယ်ဆိုလည်း သင့်တော်ပါတယ်။ ၁၂ ရာသီပတ်လုံး ခူးဆွတ်နိုင်တာကလဲ ကြယ်ပဲ ပင်ရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒါကြောင့် ကြယ်ပဲကို စိုက်ပျိုးရေး ထွက်ကုန်သစ်အနေနဲ့ စိုက်ပျိုးချင်သူ တောင်သူများအတွက် ဒီတစ်ပါတ်  The Farmer  အစီစဉ်ကနေ ကြယ်ပဲ စိုက်ပျိုး မှု အကြောင်းကို တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly