အိုင်အက်စ်အား တိုက်ခိုက်မှုတွင် ပါ၀င်ရန် တရုတ်ကို အီရန်တောင်းဆို

အိုင်အက်စ်အား တိုက်ခိုက်မှုတွင် ပါ၀င်ရန် တရုတ်ကို အီရန်တောင်းဆို

ဒူဘိုင်း၊ ဒီဇင်ဘာ ၂၅ ။              ။ အိုင်အက်စ်အား တိုက်ခိုက်ရာတွင် တရုတ်အနေဖြင့် ပိုမိုတက်ကြွသော်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု အီရန်၏ဦးစီးခေါင်းဆောင်ကို အကြံပေးနေသည့် အဖွဲ့တစ်ခုမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂၄တွင် ပြောကြားခဲ့သည်ဟု နိုင်ငံ၏ ဖားစ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်သည် ရေနံဝယ်ယူရေးအတွက် အရှေ့အလယ်ပိုင်းကို အားထားနေရသော်လည်း သံတမန်ရေးကိစ္စအတွက် အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို လွှဲထားရန် ရည်ရွယ်ထားသည်။

"အိုင်အက်စ်ကို တိုက်ခိုက်ရာမှာ ပိုပြီးတက်တက်ကြွကြွပါဝင်လာမယ်ဆို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါတယ်"ဟု အထောက်အကူပြု   ကောင်စီအတွင်းရေးမှူး မိုဆင်ရေဇာအေက တီဟီရန်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

မာလီနှင့် ပါရီတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် ရုရှားစစ်လေယာဉ်ကို တူရကီက ပစ်ချခြင်းတို့ဖြစ်ပေါ်ပြီးနောက် ပိုမိုညိနှိုင်းလုပ်ဆောင်ကြရန် တရုတ်က တောင်းဆိုထားသည်။ သို့သော်လည်း ဆီးရီးယားတွင် စစ်ရေးအဖြေမရှိဟု ပြောကြားနေသကဲ့သို့ အနောက်နိုင်ငံများနှင့် ရုရှားတို့၏လေကြောင်းတိုက်ခိုက်မှုများကိုလည်း တရုတ်၏နိုင်ငံပိုင်မီဒီယာက ဝေဖန်လျက်ရှိသည်။

သို့သော်လည်း ယခုလတွင် အိုင်အက်စ်က ထုတ်လွှင့်ခဲ့သည်ဆိုသည့် တရုတ်ဘာသာဖြင့် သီဆိုသည့် သီချင်းတစ်ပုဒ်ကြောင့် အစ္စလာမ္မစ်စစ်သွေးကြွကို တိုက်ဖျက်ရာတွင် ပိုမိုနီးကပ်သော ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် လိုနေပြီဖြစ်ကြောင်း တရုတ်အရာရှိများကို နိုးကြားစေခဲ့သည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်ဒေသမှ မွတ်စလင်ဝီဂါလူမျိုးစုဝင်အချို့သည် အိုင်အက်စ်အဖွဲ့ထဲသို့ ပူးပေါင်းသွားကြောင်း ပေကျင်းက သတိပေးသည်။

အကယ်၍ အိုင်အက်စ်ကို တိုက်ဖျက်ရာတွင် တရုတ်က ပိုမိုကြီးမားသည့် ကဏ္ဍမှ ပါဝင်မည်ဆိုပါက အီရန်ကလည်း ဗဟိုအာရှရှိ အစ္စလာမစ်အစွန်းရောက်ဝါဒကို ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများ၊ တရုတ်မွတ်စလင်အသိုင်းအဝိုင်းနှင့် အပြန်အလှန်ဆက်ဆံမှုများဖြင့် တိုက်ဖျက်နိုင်မည်ဟု ရေဇာအေက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly