ရုံပြိုင်စနစ်ဖြင့် ဇန်နဝါရီ ၁ရက်တွင် ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ပြသမည့် ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကား

ရုံပြိုင်စနစ်ဖြင့် ဇန်နဝါရီ ၁ရက်တွင် ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ပြသမည့် ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။               ။ ဒါရိုက်တာဝိုင်း ပုံဖော် ရိုက်ကူးထားသည့် ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကားကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ရက် မှ စတင်ပြီး ရန်ကုန်၊ မန္တလေး၊   နေပြည်တော်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ လားရှိုး၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်၊ မြိတ် တို့တွင် တစ်ပြိုင်တည်း စတင် ပြသသွားမည် ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ရုံပြိုင် စနစ် စတင်ပြီ ဖြစ်သည့် အတွက် ချစ်လှစွာသော အမုန်း ရုပ်ရှင် ဇာတ်ကားသည် အုပ်စု (၂) စာရင်းဝင် ရုပ်ရှင်ရုံများ ဖြစ်သည့် ရှေ့ဆောင်၊ သွင်၊ မင်္ဂလာစံပြ(ဘုန်ကြီးလမ်း)၊ နဝဒေး၊ ရွှေဗဟိုရ် (တာမွေ)၊ မြရတနာ (သာကေတ)၊ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ မြဟံသာ (သန်လျင်) တို့တွင် ပြသသွားမည် ဖြစ်သည်။

ဒါရိုက်တာ ဝိုင်း က "အမှန်အတိုင်း ပြောရရင် သမ္မတရုံမှာ တင်ရင် တော်တော်လေးကို စိတ်အေးလက်အေး နိုင်တယ်။ အခုဟာက စနစ်တစ်ခုနဲ့ ရှေ့ဆောင်ကို ရောက်မယ် ဆိုတော့ နည်းနည်းတော့ စိုးရိမ်မှုရှိတယ်။ ဒါပေမယ့် ကျွန်တော် ယုံကြည်ပါတယ်။ ပရိသတ်ကတော့ ကောင်းမယ် ထင်ရင် လာမှာပဲ ရုံပြိုင်စနစ် အားသာချက်က ထိရောက်မယ် မထိရောက်ဘူး ဆိုတာ မကြာခင် အဖြေပေါ်မယ်။ ပုံစံတမျိုးကို အပြောင်းအလဲ တစ်ခု ချပြထားတာ ဖြစ်လို့ နည်းနည်းတော့ ရင်ခုန်တယ်" ဟု ပြောသည်။

ချစ်လှစွာသောအမုန်း ရုပ်ရှင် ဇာတ်ကားကြီးသည် ဝတ္ထု ပုံညခင်၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာ ဝိုင်း ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်၊ ဇင်ဝိုင်း၊ နွဲ့နွဲ့စန်း နှင့် အနုပညာရှင် များစွာ ပါဝင် ရိုက်ကူးထားသည်။

ဇာတ်လမ်း ရည်ရွယ်ချက်မှာ ချစ်ခြင်း မေတ္တာဖွဲ့ ဇာတ်လမ်း အမျိုးအစား ဖြစ်ပြီး သံယောဇဉ်ကြိုး၏ နက်ရှိုင်းစွာ ထိုးမင်ယစ်မူးသော အထိအတွေ့ကို ပရိသတ်များ ခံစား အသက်ဝင်စေရန်၊ မေတ္တာတရားသည် မည်သူ့ကို မဆို ဖြန့်ကျက်နိုင်သော အရာ ဖြစ်ကြောင်းကို ဇာတ်လမ်း ဇာတ်ကွက် ကောင်းကောင်းဖြင့် ပညာပေး တင်ပြလိုခြင်း၊ တစ်ဦးပေါ် တစ်ဦး ခွင့်လွှတ်ခြင်း နားလည်ခြင်းများဖြင့် ဘဝရဲ့ နေ့သစ်များကို လှပစွာ ပုံဖော်နိုင်ကြစေရန် ရည်ရွယ်ထားသည်။

ထိုဇာတ်ကားတွင် အမုန်းအဖြစ် ဝတ်မှုံရွှေရည်မှ ပါဝင် သရုပ်ဆောင် ထားပြီး မိုးစက်မေ အဖြစ် သက်မွန်မြင့်မှ ပါဝင် သရုပ်ဆောင်ထားကာ ဂါမဏီ အဖြစ် အောင်ရဲလင်းမှ ပါဝင် သရုပ်ဆောင်ထားသည်။ ချစ်လှစွာသော ရုပ်ရှင် ဇာတ်ကားသည် ရုံတင် မပြခင် ကတည်းက ပရိသတ် စိတ်ဝင်စားမှု အားပေးမှုများစွာ ရရှိထားသည့် ရုပ်ရှင် ဇာတ်ကားကြီး တစ်ခုလည်း ဖြစ်သည်။

အမုန်း အဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်က "အမုန်းဆိုတဲ့ နေရာက ကစ် အတွက် ခက်ပါတယ်။ ဒီဇာတ်ရုပ်ကို အရမ်း သဘောကျလို့လည်း လက်ခံခဲ့တာပါ။ ဒီကားလေးက ကစ် အတွက် အမှတ်တရ ဖြစ်ခဲ့တဲ့ ကားလေးပါ။ အရမ်းကို ပင်းပန်းပြီး စိတ်နှစ်ပြီး ကြိုးစား ခဲ့ရတဲ့ ကားလေးပါ။ ကစ် အများကြီး မမှန်းထားပါဘူး" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly