ဟောင်ကောင်ဇိမ်ခံတိုက်ခန်း စံချိန်တင်စျေးနှုန်း စင်ကာပူဒေါ်လာ ၁၀၈ သန်းဖြင့် ရောင်းချနိုင်ခဲ့

ဟောင်ကောင်ဇိမ်ခံတိုက်ခန်း စံချိန်တင်စျေးနှုန်း စင်ကာပူဒေါ်လာ ၁၀၈ သန်းဖြင့် ရောင်းချနိုင်ခဲ့

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၅ ။                  ။ ခရစ္စမတ်နေ့မတိုင်မီရက် ရက်အနည်းငယ်အတွင်းက ဟောင်ကောင်ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုမှာ စံချိန်တင်ဈေးနှုန်း ဟောင်ကောင်ဒေါ်လာ ၅၉၄ဒသမ၇သန်း(စင်ကာပူဒေါ်လာ ၁၀၇ဒသမ၉သန်း)ဖြင့် ရောင်းချခဲ့ရာ ဟောင်ကောင်တွင် ဈေးအကြီးဆုံးတိုက်ခန်းဖြစ်သွားခဲ့ပြီး အာရှတွင်ပင် ဈေးအကြီးဆုံးဖြစ်နိုင်ဖွယ်ရှိသည်ဟု ဒီဇင်ဘာ ၂၅ရက်နေ့က သတင်းများတွင် ဖော်ပြထားသည်။

အမည်မသိဝယ်ယူသူတစ်ဦးက တစ်စတုန်းပေလျင် ဟောင်ကောင်ဒေါ်လာ ၁၀၃,၇၀၀ကျော်နှုန်းဖြင့် ၅,၇၃၂စတုရန်းပေရှိ တိုက်ခန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းတိုက်ခန်းမှာ တောင်ပိုင်းရှိ လူချမ်းသာများနေထိုင်ရာ Mid Levels လူနေဧရိယာရှိ 39 Conduit Road အထပ်မြင့်တိုက်ခန်းအဆောက်အဦရှိ ဇိမ်ခံတိုက်ခန်းဖြစ်သည်ဟု The Apple Daily နှင့် The Standard သတင်းစာတို့က ဖော်ပြခဲ့သည်။

အထင်ကရ ဝိတိုရိယဆိပ်ကမ်းကို ဆီးကြည့်နိုင်ပြီး အမိုးထိပ်ဧရိယာ ၁,၇၅၄ စတုရန်းပေရှိ ၄၆ လွှာပေါ်မှ ကွန်ဒိုမီနီယမ်မှာ ဟောင်ကောင်ဒေါ်လာ ၆၄၆ဒသမ၄၈သန်းအထိ ဈေးနှုန်းရှိသည်ဟု တည်ဆောက်သူ Henderson Land Properties ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ယခင်က စံချိန်တင်ဈေးနှုန်း ဟောင်ကောင်ဒေါ်လာသန်း ၄၇၀ဖြင့် တိုက်ခန်းရောင်းချခဲ့မှုကို ကျော်လွန်သွားခဲ့သည်။ ဟောင်ကောင်ဒေါ်လာ သန်း၄၇၀ဖြင့် ရောင်းချခဲ့သည့် ဇိမ်ခံတိုက်ခန်းမှာ ၂၀၁၂ခုနှစ်က Pritzker ဆုရ ပိသုကာပညာရှင် ဖရန့်ဂေရီ ဒီဇိုင်းထုတ်ခဲ့သည့် ၁၂လွှာရှိ လူနေအဆောက်အအုံ Opus Hong Kong မှ ရှစ်လွှာတစ်ခုလုံးကို နေရာယူထားသည့် တိုက်ခန်းဖြစ်သည်။

တိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၅က Henderson Land ထံမှ သုံးသပ်ချက်မရရှိခဲ့ပေ။ အမေရိကန်အတိုးနှုန်းမြင့်တက်မှုက အမေရိကန်ဒေါ်လာနှင့် ဆယ်စုနှစ်များစွာ ချိတ်ဆက်ထားသော ဟောင်ကောင်၏ အိမ်ခြံမြေလုပ်ငန်းစန်းပွင့်မှုကို အဆုံးသတ်စေနိုင်သည်ဟု လေ့လာသူများက ပြောကြားပြီးနောက် ယခုရောင်းဝယ်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူနေအိမ်ခြေတိုက်ခန်းဈေးကွက်မှာ အချိုးအကွေ့တစ်ခုသို့ရောက်ရှိနေပြီး ၂၀၁၇တွင် ၁၇ရာခိုင်နှုန်းအထိကျသွားနိုင်သည်ဟု ဟောင်ကောင်အခြေစိုက် CLSA ကုမ္ပဏီက သတိပေးထားပြီး အခြားကုမ္ပဏီများက ၃၀ ရာခိုင်နှုန်းအထိပင် ကျသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

ကိုးနှစ်ကျော်ကာအတွင်း ပထမဆုံးအတိုးနှုန်းမြင့်တင်ကြောင်း အမေရိကန်ဗဟိုဘဏ်က ကြေညာပြီးနောက် ဟောင်ကောင်၏ ဗဟိုဘဏ်ကလည်း ၎င်း၏အတိုးနှုန်းကို ဝဒသမ၇၅ရာခိုင်နှုန်းမြင့်တင်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ စံချိန်တင်ရောင်းဝယ်မှုက ဟောင်ကောင်ရှိ အိမ်ခြံမြေဈေးကွက်ကြီးတစ်ခုလုံး၏ ပိုမိုကြီးမားသည့်ပုံရိပ်ကို ရောင်ပြန်မဟပ်ဟု Midland Realty မှ လေ့လာရေးအကြီးအကဲ ဘတ်ဂယ်လောက ပြောသည်။

"အတိုးနှုန်းလေး နည်းနည်းမြင့်ရုံနဲ့တော့ အကြီးအကျယ်ချမ်းသာသူတွေရဲ့ ဝယ်ယူနိုင်စွမ်းအပေါ်ထိခိုက်မယ်လို့ ကျွန်တော်မထင်ဘူး"ဟု လောကဆိုသည်။"ဒါက ချွင်းချက်ပါ။ ဈေးကွက်ကြီးတစ်ခုလုံးအပေါ်မှာ ရိုက်ခတ်မှုမရှိပါဘူး"ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly