အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်လုပ်ရန်လျှောက်ထား

အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်လုပ်ရန်လျှောက်ထား
၂၀၁၄အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်လုပ်စဉ်က အားပေးနေသော မြန်မာပရိသတ်များ။

ဇွန် ၂၃၊ ရန်ကုန်။       ။ ၂၀၁၆အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်အတွက် အာရှဘောလုံးအဖွဲ့ချုပ်ကို လျှောက်ထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

၂၀၁၆ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲတွင် မြန်မာယူ-၁၉အသင်းမှာ အုပ်စု(ဆ)၌ ဗီယက်နမ်၊ ဘရူနိုင်း၊ ဟောင်ကောင်၊ တီမော အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုပထမရရှိသောအသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ကာ ဒုတိယ ရအသင်းမှာ အကောင်းဆုံးအုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်နိုင်သည်။

“ခြေစစ်ပွဲအတွက် ကျွန်တော်တို့ မြန်မာနဲ့ ဘရူနိုင်းတို့လျှောက်ထားပါတယ်။ ဇူလိုင်လထဲမှာ အာရှဘောလုံးအဖွဲ့ချုပ် ကသတ်မှတ်ပေးပါလိမ့်မယ်။ ခြေစစ်ပွဲဝင်မယ့်အသင်းကတော့ လက်ရှိအချိန်မှာ ပြင်ဆင်နေပြီး နိုင်ငံတကာခြေစမ်းပွဲတွေ ကစားဖို့လည်း စီစဉ်ထားပါတယ်။”ဟု ဦးတင်အောင်ကဆိုသည်။

၂၀၁၄အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာယူ-၁၉အသင်းမှာ ဆီမီးဖိုင် နယ်တက်ရောက်နိုင်ခဲ့၍ ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြိုင်ခွင့်ရခဲ့သည်။ ၂၀၁၆ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲကို စက်တင် ဘာလအတွင်းကျင်းပရန် ရည်ရွယ်ထားပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဘာရိန်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly