၃၆နှစ်အကြာတွင် အီရန်ဓားစာခံ အမေရိကန်နိုင်ငံသားများ လျော်ကြေး ရရှိတော့မည်

၃၆နှစ်အကြာတွင် အီရန်ဓားစာခံ အမေရိကန်နိုင်ငံသားများ လျော်ကြေး ရရှိတော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၅ ။             ။ အမေရိကန် လွှတ်တော်အမတ်များက ငွေကို အပြည့်အဝပေးချေမည့် ဥပဒေကို အတည်ပြုပြဌာန်းလိုက်သောကြောင့် ၁၉၇၉ခုနှစ်က အီရန်ဓားစာခံ အကျပ်အတည်းအတွင်း တစ်နှစ်ကျော် ဖမ်းဆီးခံထားခဲ့ရသည့် အမေရိကန်နိုင်ငံသားများမှာ ဆယ်စုနှစ်များစွာအကြာတွင် နစ်နာကြေး ရရှိတော့မည်ဖြစ်သည်။

ဓားစာခံ ၅၃ယောက်ကို ဖမ်းဆီးခံထားခဲ့ရသည့် ၄၄၄ရက်အတွက် တစ်ဦးလျှင် ကန်ဒေါ်လာ ၁၀၀၀၀နှုန်းဖြင့် ကန်ဒေါ်လာ ၄.၄သန်း လျော်ကြေးပေးမည်ဖြစ်သည်။

အမေရိကန်နှင့် အီရန်ကြား ရှိရင်းစွဲတင်းမာမှုကို ပိုမိုဆိုးရွားသွားစေခဲ့သည့် အကျပ်အတည်းမှာ ၁၉၇၉ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့တွင် အီရန်ကျောင်းသား စစ်သွေးကြွများက အမေရိကန်သံရုံးကို စီးနင်းပြီး ဝန်ထမ်းများကို ဓားစာခံလုပ်ထားခဲ့သည့်အချိန်တွင် စတင်ဖြစ်ပွားလာခဲ့သည်။ ၁၉၈၁ခုနှစ်တွင် ဓားစာခံများကို ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့အား အီရန်အစိုးရထံမှ နစ်နာကြေး တောင်းဆိုမှုကိုမူ တားမြစ်ထားခဲ့သည်။

အီရန်နှင့် မြောက်ကိုရီးယားလို အခြားနိုင်ငံများကို ဒဏ်ခတ်ပိတ်ဆို့မှုများအား အာခံချိုးဖောက်သည့် ကုမ္ပဏီများထံမှ စုဆောင်းရရှိသည့် ဒဏ်ကြေးများဖြင့် ၃၆နှစ်ကြာ ယခုကာလတွင်မူ နစ်နာကြေး ပေးနိုင်လာပြီဖြစ်သည်။

ယခုနှစ်တွင် ပြင်သစ်ဘဏ် BNPတစ်ခုတည်းကပင် ဒဏ်ကြေး ကန်ဒေါ်လာ ၈.၉ဘီလျံ စုဆောင်းရရှိခဲ့သည်။ ဓားစာခံများနှင့် ၎င်းတို့၏ မိသားစုများကို ကိုယ်စားပြုသည့် ရှေ့နေ သောမတ်စ် လင့်ဖို့က အေအက်ဖ်ပီသို့ ပြောကြားရာတွင် ယမန်နှစ်က အသုံးစရိတ်ဘက်ဂျက်တွင် အလားတူ နစ်နာကြေးပေးရန် အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်ဟု ဆိုသည်။
‘ရှည်လျားခက်ခဲတဲ့ တိုက်ပွဲပါပဲ’’ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly