အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦးသေ

အမေရိကန်တောင်ပိုင်းတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦးသေ

မစ္စစ္စပီ၊ ဒီဇင်ဘာ ၂၅ ။              ။ ခရစ္စမတ်အကြိုနေ့က အမေရိကန်တောင်ပိုင်းတစ်ခွင် မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ ၁၁ဦးသေဆုံးပြီး လူများစွာဒဏ်ရာရရှိခဲ့သည်။

လေဆင်နှာမောင်းများ မစ္စစ္စပီမြောက်ပိုင်းကို ဖြတ်သန်းစဉ် လူခုနှစ်ဦးသေဆုံးခဲ့သည်ဟု အရာရှိများက ပြောသည်။ ထို့အပြင် တင်နက်ဆီပြည်နယ်တွင် နောက်ထပ် သုံးဦးသေဆုံးခဲ့ပြီး အာကန်ဆတ်ပြည်နယ်တွင် တစ်ဦးသေဆုံးခဲ့သည်။

ပုံစံအမျိုးမျိုးဖြင့် ပြင်းထန်သည့် လေဆင်နှာမောင်း ၂၀ခန့်တိုက်ခတ်ခဲ့သည်ဟုလည်း သတင်းများရရှိထားသည်။ သေဆုံးသူများတွင် ခုနှစ်နှစ်အရွယ် ယောင်္ကျားကလေးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။

လေဆင်နှာမောင်းများတိုက်ခတ်ပြီးနောက် မစ္စစ္စပီပြည်နယ်ရှိ ဒေသအသီးသီးမှ အာဏာပိုင်များက တစ်အိမ်တက်ဆင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။  

သေဆုံးခဲ့သူ ယောင်္ကျားလေးမှာ ကားတစ်စီးအတွင်းရှိနေစဉ် လေဆင်နှာမောင်းကြောင့် ယင်းကားမြောက်တက်သွားရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကားထဲတွင်ပါသော ၎င်း၏ ဆွေမျိုးများကိုလည်း   ဆေးရုံသို့ပို့လိုက်ရသည်။

ယင်းပြည်နယ်ရှိ သေးငယ်သော လေဆိပ်တစ်ခုမှ လေယာဉ်များမှာလည်း ပက်လက်လှန်ကုန်ပြီး ဒဏ်ရာရသည့်လူ အရေအတွက်ကို မသိရသေးပေ။

ကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခုမှာ မစ္စစ္စပီကိုတိုက်ခတ်ကာ မိုင် ၁၀၀ခန့်ဝေးသော တင်နက်ဆီအထိ ရောက်ရှိသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဒီဇင်ဘာ ၂၄ကမူ   လေဆင်နှာမောင်းများ၏ ခြိမ်းခြောက်မှုလျော့ပါးသွားခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးကြိုးမုန်တိုင်းများကြောင့် ရေလျှံမှုများဖြစ်ပေါ်ကာ ဂျော်ဂျီယာ၊ အလာဘားမားနှင့် ကယ်ရိုလိုင်းနားပြည်နယ်များ၏ ခရီးသွားလာမှုကို ဖရိုဖရဲဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly