ရွေးကောက်ပွဲအတွက် အရံရဲ လေးသောင်းခန့် ရဲတပ်ဖွဲ့ခေါ်ယူမည်

ရွေးကောက်ပွဲအတွက် အရံရဲ လေးသောင်းခန့် ရဲတပ်ဖွဲ့ခေါ်ယူမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ခုနှစ် အထွေထွေရွေး ကောက်ပွဲကျင်းပသည့်နေ့ မဲရုံအနီးတစ်ဝိုက် လုံခြုံရေးရယူရန် အရံရဲတပ်ဖွဲ့ ၄၀,၀၀၀ (လေးသောင်း) ခန့်ခေါ်ယူမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှုးချုပ် သူရဘိုနီက ဇွန်လ ၂၃ရက် တွင် မဇ္ဈိမ ကိုပြောသည်။

"မဲရုံက လေးသောင်းကျော်တယ်ဆိုတော့ မဲရုံတစ်ရုံကို ၂ယောက်လောက်ထားမယ်လို့ စဉ်းစားထားတာ၊ လိုအပ်ချက် အရ လေးသောင်းလောက် ခန့်မယ်။ ပြည်သူအများ လေးစားတဲ့သူတွေကို အဲဒီလိုမျိုးတွေကို ဦးစားပေးပြီး ရွေးမှာပါ" ဟု ၎င်းကလဆိုသည်။

ရွေးကောက်ပွဲကျင်းပသည့် ရက်တွင် အရံရဲတပ်ဖွဲ့ဝင်နှင့် အတွေ့အကြုံရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးစီကို ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က သတ်မှတ်ထားသည့် အကွာအဝေးတွင် ထားရှိကာ မဲရုံနှင့်မဲပေးသူ လုံခြုံရေးတို့ကို ဆောင်ရွက်မည်ဟုလည်း
ပြောသည်။

ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေ ပုဒ်မ ၄၈ (ခ) တွင် မဲပေးချိန်မှ စတင်ကာ မဲပေးပြီးချိန်ထိ မဲရုံအဖွဲ့ဝင်များ၊ မဲပေးသူများ၊ တာဝန်ကျရဲအရာရှိ ၊ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ လုံခြုံရေးအလိုငှာ တာဝန်ပေး အပ်ထားသူများသာ ဝင်ရောက်ခွင့် ရှိသည်ဟု ပြဌာန်းထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ၂၀၁၅ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၄၇၀၀၀ မှ ၅၀၀၀၀ နီးပါးထိ ထားရှိရန် လျာထားကြောင်း မေလ အတွင်းပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်ာမရှင် သတင်း အချက်အလက်ဌာန (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် မဇ္ဈိမကိုဖြေကြားထားသည်။

အရံရဲတပ်ဖွဲ့အဖြစ်တာဝန်ထမ်းဆောင်လိုသူသည် အသက် ၁၈နှစ်မှ ၅၉ နှစ်ထိ အရွယ်ရှိသူ အမျိုးသားများကလျောက်ထားနိုင် ပြီးရွေးချယ် ခံရသူများကို နေ့စဉ်စားစရိတ် ၁၀၀၀နှင့် လိုအပ်ချက်ပေါ်မူတည်ကာ ရဲဝတ်စုံ ၁ စုံမှ ၂စုံထိ ထောက်ပံ့ပေးမည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အရံရဲများကို ရွေးကောက်ပွဲ မကျင်းပမီ ၃ လအတွင်း ကြိုတင်ခေါ်ယူကာ လုံခြုံရေးဆိုင်ရာ သင်တန်းများ၊ ရဲတပ်ဖွဲ့ နှင့် ပက်သက်သည့် ဥပဒေ၊ ကျင့်ဝတ်နှင့် စည်းမျဉ်းများကို သင်ကြားပေးမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအတွင်း လူအင်အားအရ ရာခိုင်နှုန်းပြည် ပါဝင်လည်ပတ်နိုင်ခြင်းမရှိပဲ တစ်ဝက် (၅၀ ရာခိုင်နှုန်း) သာလှည့်ပတ်နေခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအပြည့် အင်အားဖြည့်တင်းမည်ဆိုပါက ထက်ဆောင်း ရဲတအင်အား ၇၅,၀၀၀ ဦးထိ ထပ်မံလိုအပ်သည်ဟု ပြည်နယ်ရဲမှုးကြီး တစ်ဦးက မဇ္ဈိမကို ပြောထားသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly