နှစ်နိုင်ငံကြားနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲတက်ရန် ကရင်မလင်သို့ မိုဒီရောက်ရှိ

နှစ်နိုင်ငံကြားနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲတက်ရန် ကရင်မလင်သို့ မိုဒီရောက်ရှိ

မော်စကို၊ ဒီဇင်ဘာ ၂၄ ။          ။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒီဇင်ဘာ ၂၃က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို ကရင်မလင်တွင် ကြိုဆိုခဲ့သည်။

နှစ်နိုင်ငံကြား နှစ်စဉ်ထိပ်သီးဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်ရန် နှစ်ရက်ကြာခရီးစဉ်အတွက် မော်စကိုတွင် မိုဒီရောက်ရှိနေခြင်းဖြစ်သည်။ အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်သူ ဆူဘတ်ချန်ဒရာဘို့စ် အကြောင်းဖိုင်များကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ရေးအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းရာများကို ဒီဇင်ဘာ ၂၄ တွင် ပူတင်နှင့် ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

မိုဒီသည် ရုရှားရှိ အိန္ဒိယအသိုင်းအဝိုင်းကို မိန့်ခွန်းမည့်အပြင် အမျိုးသားကပ်ဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ဋ္ဌာနသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။ နှစ်နိုင်ငံကြား အပြန်အလှန် ရင်းနှီးမြုပ်နှံမှုမှာ ဒေါ်လာ ၁၁ဘီလျံအထိရောက်ရှိနေသော်လည်း လာမည့် ၁၀နှစ်အတွင်း ၃၀ဘီလျံအထိရောက်ရှိရန် အိန္ဒိယက ရည်မှန်းထားသည်။

ရုရှားကို ယုံကြည်ရသည့် သက်တမ်းကြာမိတ်ဖက်တစ်ဦးအဖြစ် အိန္ဒိယက ခေါ်ဝေါ်သကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေး အိန္ဒိယ၏ ကြိုးပမ်းမှုကို ရုရှားက    ထောက်ခံလျက်ရှိသည်။

မိုဒီ၏ ခရီးစဉ်အတွင်း သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးမည်ဖြစ်ပြီး လွတ်လပ်သည့် ကုန်သွယ်ရေးဧရိယာ၊ ယူရေးရှားစီးပွားရေးဇုန်၊ ခရီးသွားလုပ်ငန်းမြင့်တင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုအကြောင်းများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

အနောက်နိုင်ငံများက တုံ့ဆိုင်းနေသော နည်းပညာလွဲပြောင်းပေးရေး ကတိကဝတ်များကြောင့် ဒေါ်လာဘီလျံများစွာတန်သော ရုရှားနျူကလီးယားဓါတ်ပေါင်းဖိုများနှင့် စစ်ရဟတ်ယာဉ်များအတွက် သဘောတူညီချက်များကို မိုဒီက အဆင့်မြင့်တင်လိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly