ယခုတစ်ပတ်အတွင်း ပီတာချက်ကို အာဆင်နယ်ခေါ်ယူနိုင်မည်ဟု ဒေးလီးမေးလ်ဖော်ပြ

ယခုတစ်ပတ်အတွင်း ပီတာချက်ကို အာဆင်နယ်ခေါ်ယူနိုင်မည်ဟု ဒေးလီးမေးလ်ဖော်ပြ

လန်ဒန်၊ ဇွန် ၂၃။ ။ အာဆင်နယ်အသင်းသည် အသက် ၃၃ နှစ်အရွယ်ရှိ ချယ်လ်ဆီးဂိုးသမား ပီတာချက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းဖြင့် ယခုတစ်ပတ်အတွင်း ခေါ်ယူနိုင်တော့မည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသွားခဲ့သည်။

အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ကာလကြာရှည်စွာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ပီတာချက်ကို တစ်ပတ်လစာငွေ ပေါင်တစ်သိန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုနိုင်မည်ဟု အာဆင်နယ်အသင်းက ယုံကြည်လျက်ရှိသည်။

ယခုအပြောင်းအရွှေ့ကိစ္စအတွက် ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ပီတာချက်တို့၏ ကိုယ်စားလှယ်များက တစ်စုံတစ်ရာ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း ဒေးလီးမေးလ်က ယခုတစ်ပတ်အတွင်း အပြောင်းအရွှေ့ဖြစ်မြောက်လိမ့်မည်ဟု ရေးသားခဲ့သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပီတာချက်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်မြောက်ခြင်း မရှိခဲ့ပေ။
ယခုချယ်လ်ဆီးတွင် ကော့တွိုက်စ်၏နောက် ဒုတိယဦးစားပေးသာ ကစားနေရသည့်အတွက် ပီတာချက်မှာ ပုံမှန်ကစားခွင့်ရမည့် အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပီတာချက်ကို ပီအက်စ်ဂျီအသင်းထံသို့သာ ရောင်းချလိုသော်လည်း ၎င်း၏ ဂိုးသမားမှာ လန်ဒန်တွင် အခြေကျနေပြီဖြစ်သည့်အတွက် အာဆင်နယ်အသင်းသို့သာ ပြောင်းရွှေ့ရန် ရွေးချယ်ထားခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းသို့ ရောက်ရှိခဲ့သည့် ပီတာချက်သည် ပရီးမီးယားလိဂ်ဖလား(၄)ကြိမ်၊ အက်ဖ်အေဖလား (၄)ကြိမ်၊ ကွန်မြူနတီဖလား(၂)ကြိမ် ၊ ချန်ပီယံလိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ပီတာချက်သည် သြဂုတ်လ ၂ ရက်နေ့တွင် ကစားရမည့် ကွန်မြူနတီဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးနှင့် ပထမဆုံးပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly