၀န်ကြီးချုပ်အာဘေး၏ ကက်ဘိနက်က အကြီးမားဆုံး ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြု

၀န်ကြီးချုပ်အာဘေး၏ ကက်ဘိနက်က အကြီးမားဆုံး ကာကွယ်ရေးဘတ်ဂျက်ကို အတည်ပြု

တိုကျို၊ ဒီဇင်ဘာ ၂၄ ။         ။ ပိုင်နက်အငြင်းပွားမှုများအပြင် တရုတ်၏ ရေတပ်တိုးချဲ့မှုကြောင့် စိုးရိမ်မှုများရှိနေသောကြောင့် ဂျပန်က ၎င်း၏စစ်တပ်ကိုမြင့်တင်နေစဉ် နှစ်စဉ်ကာကွယ်ရေး ဘတ်ဂျက် များတွင် အကြီးမားဆုံးဖြစ်သည့်ဘတ်ဂျက်ကို ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ကက်ဘိနက်က ဒီဇင်ဘာ ၂၄တွင် အတည်ပြုလိုက်သည်။

ဧပြီလတွင် စတင်မည့် လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယန်း ၅ဒသမ၀၅ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၁ဒသမ၈ဘီလျံ)ကို ကက်ဘိနက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဂျပန်၏ ကျွန်းမကြီးမှ ထိုင်ဝမ်အနီးရေပြင်အထိကျယ်ဝန်းသော တောင်ပိုင်းကျွန်းတန်းများကာကွယ်ရေးကို ခိုင်မာအောင် စူးစိုက်လုပ်ဆောင်မည်ဖြစ်သည်။ ယခုကာကွယ်ရေးအသုံးစရိတ်မှာ အမျိုးသား ဘတ်ဂျက် ယန်း ၉၆ဒသမ၇ထရီလီယံ၏ အစိတ်အပိုင်းဖြစ်သည်။ ဘတ်ဂျက်ကို အခြေအတင်ဆွေးနွေးရန်နှင့် လာမည့်နှစ်အစောပိုင်းတွင် အတည်ပြုရန် လွှတ်တော်သို့ ယခုတင်မည်ဖြစ်သည်။

ယခုအတည်ပြုလိုက်သည့် ကာကွယ်ရေးဘတ်ဂျက်မှာ စံချိန်တင်ခဲ့သော လက်ရှိဘဏ္ဍာနှစ်ထက် ၁ဒသမ၅ရာခိုင်နှုန်းပိုများပြီး လေးနှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစရိတ်မြင့်မားလာခြင်းလည်းဖြစ်သည်။

ယင်းသို့ကာကွယ်ရေးအသုံးစရိတ်မြင့်မားလာခြင်းမှာ ဖြစ်နိုင်ဖွယ်ရှိသည့် တရုတ်နှင့် တင်းမားမှုမြင့်တက်ခြင်းကို မျှော်မှန်း၍ အကြီးမားဆုံးမဟာမိတ်အမေရိကန်နှင့် ပိုမိုတက်ကြွသော၊ ပိုမိုပူးပေါင်းဆောင်ရွက်သည့် စစ်တပ်တစ်ခုကို တည်ဆောက်ရန် အာဘေး၏ ကြိုးပမ်းမှုလည်းဖြစ်သည်။

စက်တင်ဘာလကလည်း  နှစ် ၇၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်တပ်များ ပြည်ပတွင်သွားရောက်တိုက်ခိုက်နိုင်သည့် လုံခြုံရေးဥပဒေကြမ်းများကို ဥပဒေပြုရေး အာဘေးက တွန်းအားပေးနိုင်ခဲ့သည်။

နောက်ဆုံးတောင်းခံသည့် ဘတ်ဂျက်က ဂျပန်နှင့် အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် နောက်ထပ်ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဋ္ဌာနအရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly