တရုတ်တွင် အန္တရာယ်ရှိ မီးခိုးမြူများကြောင့် မြို့ကြီး ၁၀ မြို့တွင် အနီရောင် တပ်လှန့်သတိပေးမှုထုတ်ပြန်

တရုတ်တွင် အန္တရာယ်ရှိ မီးခိုးမြူများကြောင့် မြို့ကြီး ၁၀ မြို့တွင် အနီရောင် တပ်လှန့်သတိပေးမှုထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ။             ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတစ်ခွင်၌ အန္တရာယ်ရှိ မီးခိုးမြူများ လွှမ်းခြုံမှုကြောင့် မြို့ကြီး ၁၀ မြို့တွင် အနီရောင်အဆင့် တပ်လှန့်သတိပေးမှုများ ထုတ်ပြန်ထားရပြီး ယင်းမြို့များရှိပြည်သူများအနေဖြင့် အိမ်တွင်းမှာသာ နေထိုင်ကြရန် အာဏာပိုင်များက အကြံပြုထားသည်။

တရုတ်နိုင်ငံ၏ ကြီးမားသော ဧရိယာတစ်ခုမှာ လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေကြောင်း လွန်ခဲ့သည့် သီတင်းပတ်က သတိပေးခဲ့ရပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်ကုန်အတွင်းကပင် ပေကျင်း၌ ဒုတိယမြောက် အနီရောင်သတိပေးမှုထုတ်ပြန်ခဲ့ရသေးသည်။ နောက်ဆုံးကျော့ သတိပေးရသည့် နေရာများတွင် စက်မှုဆိပ်ကမ်းမြို့ ထျန်ကျင်းလည်း ပါဝင်သည်။ အနီရောင်တပ်လှန့်သတိပေးမှုများကြောင့် ပြည်သူများအိမ်တွင်းနေရန်၊ ကျောင်းများပိတ်ရန် အကြုံပြုခဲ့ရပြီး ယာဉ်သုံးစွဲမှုကိုလည်း တင်းကျပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဋ္ဌာနက မြို့ကြီး ၁၀မြို့ကို အနီရောင်သတိပေးချက်ထုတ်ပြန်ကြောင်း  ဒီဇင်ဘာ ၂၃ရက်နေ့ညက ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ယင်းမြို့များတွင် ထျန်ကျင်းအပြင် ပိုမိုသေးငယ်သော ဝန်းကျင်မြို့များဖြစ်သည့် ပုယန်၊ ရှင်ရှန်း၊ တဲ့ကျိုး၊ ဟန်တန်း၊ ရှင်းထယ်၊ လန်ဖန်း၊ ဟန်းရွှေ၊ ရှင်ကျိနှင့် အန်ယန်းတို့ပါဝင်သည်။

ယင်းမြို့များမှာ ပေကျင်းအပါအဝင် ဆိုးဆိုးဝါးဝါးလေထုညစ်ညမ်းနေသည့် တရုတ်မြို့ကြီး ၃၀ တွင်ပါဝင်သည်။ နောက်ထပ်မြို့ကြီး ၂၀မှာလည်း ပြင်းထန်စွာညစ်ညမ်းလျက်ရှိသည်။

ပေကျင်း၏ ဒုတိယမြောက် အနီရောင်သတိပေးမှုကို ဒီဇင်ဘာ ၂၂ရက်နေ့က အဆုံးသတ်ခဲ့သည်။ မြို့တော်၏ လေထုအရည်အသွေးမှာ တဖြည်းဖြည်းချင်း တိုးတက်နေသည်ဟု ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အနီးရှိ ဟီနန်နှင့် ဟီပေးဒေသများ၏ အချို့အစိတ်အပိုင်းများ ပြင်းထန်စွာ လေထုညစ်ညမ်းနေဆဲဖြစ်ပြီး သတ်မှတ်ချက်ထက်ကျော်လွန်ကာ အန္တရာယ်ဖြစ်စေသည့် အဆင့်ထိညစ်ညမ်းနေဆဲဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်တွင် လေထုညစ်ညမ်းမှုပမာဏမှာ လွန်ကဲစွာမြင့်မားနေပြီးစ အထူးသဖြင့် ကျောက်မီးသွေးလောင်စာကို အားထားသည့် နိုင်ငံ၏အဓိက စက်မှုဒေသ အရှေ့မြောက်ပိုင်းတွင် ပိုမိုဆိုးဝါးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly