ထိပ်သီးဆွေးနွေးပွဲကျင်းပရန် အိုဘားမား၏ ဖိတ်ကြားချက် အာဆီယံခေါင်းဆောင်များလက်ခံ

ထိပ်သီးဆွေးနွေးပွဲကျင်းပရန် အိုဘားမား၏ ဖိတ်ကြားချက် အာဆီယံခေါင်းဆောင်များလက်ခံ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ။          ။ လာမည့်နှစ်အစောပိုင်းတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီလဲန်စ်အပမ်းဖြေစခန်းတွင် ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်ကို အာဆီယံခေါင်းဆောင်များက လက်ခံလိုက်ပြီဟု အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသားတစ်ဦးက ဒီဇင်ဘာ ၂၃ တွင် ပြောသည်။

လွန်ခဲ့သည့်လက သွားရောက်ခဲ့သည့် အာရှခရီးစဉ်တစ်ခုအတွင်း အိုဘားမားက အာဆီယံ ၁၀နိုင်ငံမှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဖိတ်ကြားချက်အား အာဆီယံခေါင်းဆောင်များက လက်ခံသည့်အတွက် သမ္မတက ကျေနပ်အားရလျက်ရှိသည်ဟု ယင်းပြောခွင့်ရပုဂ္ဂိုလ် မိုင်းလ်စ်ကက်ဂင်းစ်က ဆိုသည်။ ထိပ်သီးဆွေးနွေးပွဲပြုလုပ်မည့် အချိန်အတိအကျအား ပြောကြားရန်ကိုမူ ကက်ဂင်းစ်က ငြင်းဆိုခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲကို လာမည့်နှစ် ဖေဖော်ဝါရီ ၁၅မှ ၁၆ အထိကျင်းပဖွယ်ရှိသည်ဟု အာဆီယံသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဂျပန်၏ ကျိုဒိုသတင်းအေဂျင်စီက ဒီဇင်ဘာ ၂၁က ဖော်ပြခဲ့သည်။ သို့သော်လည်း ကျင်းပမည့်ရက်အား အတည်မပြုရသေးဟု အာဆီယံနိုင်ငံနှစ်ခုမှ သံတမန်များက ပြောသည်။

တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းနှင့် ပတ်သက်၍ တရုတ်၏ စိုးမိုးလိုသည့် အယုံကြည်လွန်သည့် အပြုအမူကို ရင်ဆိုင်ရာတွင် အာဆီယံ၏စည်းလုံးမှုကို အဆင်မြင့်ရန် အမေရိကန်က စိတ်အားထက်သန်လျက်ရှိသည်။

အာဆီယံနိုင်ငံများအနက် ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှာ နိုင်ငံ ၁၂ နိုင်ငံပါဝင်သည့် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေးစာချုပ် (TPP)အဖွဲ့တွင် ပါဝင်သည်။ ကြီးထွားလာသည့်တရုတ်၏ ပါဝါကို ရင်ဆိုင်ရေးအတွက်  စီးပွားရေးနှင့်လုံခြုံရေးဗဟိုချက်အဖြစ်အာရှကို သတ်မှတ်လိုက်ရာ TPP မှာ စီးပွားရေးအရ သော့ချက်ကျသည့် အခြေခံအကြောင်း တရားတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly