ကိုလံဘီယာအလှမယ်သာ အနိုင်ရသင့်ကြောင်း ပြောခဲ့သည် ဂျာမနီမယ်က ဖိလစ်ပိုင် မယ်အား ပြန်တောင်းပန်ခဲ့

ကိုလံဘီယာအလှမယ်သာ အနိုင်ရသင့်ကြောင်း ပြောခဲ့သည် ဂျာမနီမယ်က ဖိလစ်ပိုင် မယ်အား ပြန်တောင်းပန်ခဲ့

မယ်စကြဝဠာပြိုင်ပွဲတွင် ကိုလံဘီယာ အလှမယ်သာ အနိုင်ရရှိသင့်ကြောင်း ပြောခဲ့သည့် ဂျာမနီ အလှမယ် Sarah-Lorraine Riek က ဖိလစ်ပိုင် အလှမယ်အား တောင်းပန်လိုက်သည်။

ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲတွင် အနိုင်ရရှိသူကို မှားယွင်းကြေညာခဲ့မှှုကြောင့် အငြင်းပွါးဖွယ် ဖြစ်ခဲ့ရသည်။ ဖိလစ်ပိုင်အလှမယ် Pia Alonzo အား မယ်စကြဝဠာ သရဖူ ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းကို ဂျာမနီ အလှမယ် Riek က ဗွီဒီယို အင်တာဗျူး တစ်ခုတွင် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ဆုကြေညာသူ Steve Harvey က မှားယွင်းကြေညာခဲ့ရာ ကိုလံဘီယာ အလှမယ် Ariadna Gutierrez အား မှားယွင်းစွာ သရဖူ ပေးအပ်ပြီးမှ ဖိလစ်ပိုင်အလှမယ်ထံ ပြန်လည် လွှဲပြောင်းပေး ခဲ့ရခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ဂျာမနီအလှမယ် Riek က “အဲဒါကို တကယ်ကို မယုံနိုင် လောက်အောင်ပါပဲ။ ကျွန်မ အရမ်း စိတ်ပျက်မိပါတယ်။ ကိုလံဘီယာ အလှမယ်အတွက် ကျွန်မ အရမ်း ပျော်ရွှင်မိခဲ့တာပါ။ သူဟာ သရဖူနဲ့ တကယ်ထိုက်တန်ပါတယ်။ ရလဒ်နဲ့ ပတ်သတ်ပြီးတော့ ကျွန်မ တကယ်ကို မကျေနပ်ပါဘူး။ တခြား ကောင်မလေးတွေလည်း မကျေနပ်ကြပါဘူး” ဟု ပြောခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်မူ ဂျာမနီအလှမယ်ကိုယ်စား ရေးသားထားသည့် Facebook ပို့စ် တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုပို့စ်တွင်မူ ထိုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့ရသော ကိုလံဘီယာမယ်နှင့် ဖိလစ်ပိုင်မယ် နှစ်ဦးလုံးအား စာနာပါကြောင်း ဂျာမနီမယ်ကိုယ်စား ဖော်ပြထားသည်။

“သူဟာ (ဂျာမနီအလှမယ် Reik ဟာ) ဖိလစ်ပိုင်အလှမယ် ကို တစ်နည်းနည်းနဲ့ စော်ကားပြော ဆိုဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး” ဟု ထိုပို့စ်တွင် ရေးသား ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly