၂၀၂၀ တွင် နိုင်ငံသား ၂သန်းကို အလုပ်အကိုင် ဖန်တီးနိုင်ရေး စီစဉ်နေ

၂၀၂၀ တွင် နိုင်ငံသား ၂သန်းကို အလုပ်အကိုင် ဖန်တီးနိုင်ရေး စီစဉ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။ ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ အလုပ်ကိုင်အခွင့်အလမ်းရရှိမှု အခြေနေကိုပါ မြင်တွေ့လာနေရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မှုအနေနဲ့ လာမယ့် ၂၀၂၀ခုနှစ်ကို အရောက်မှာ နိုင်ငံသား ၂သန်းကို အလုပ်အကိုင်ရရှိဖို့ ဖန်တီးပေးနိုင်ဖို့ကိုလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က မဟာစီမံကိန်း ရေးဆွဲလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကနေတိုက်ရိုက်နဲ့ သွယ်ဝိုက်အလုပ်အကိုင်ရရှိမှုက လူဦးရေ ၁သန်းလောက်ရှိနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ စာရင်းဇယားတွေထဲမှာဖော်ပြထားပါတယ်။ 

တိုးတက်လာနေတဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းထဲမှာ ကျွမ်းကျင်လုပ်သားရှားပါးမှုကိုဖြေရှင်းဖို့ တစ်ဘက်မှာလည်းလိုအပ်နေပါသေးတယ်။ 

"ခရီးသွားလုပ်ငန်းကလဲစီးပွားရေးရဲ့ အစိတ်ပိုင်းတခုဖြစ်ပါတယ် ကျတော်တို့ ခရီးသွားလုပ်ငန်းကိုအဓိကခုဏပြောတဲ့ လူ ၂ သန်းလောက်လိုအပ်တယ်ဆိုတာ။ ကျွန်တော်တို့က ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့အတွက် ဝန်ဆောင်မှုဆိုတာ လူကနေလူကိုပေးတာဖြစ်ပါတယ်။အရည်သွေးပြည့်ဝတဲ့ အရည်ချင်းရှိတဲ့ လူသားအရင်းမြစ်တွေ အများကြီးလိုအပ်မှာဖြစ်ပါတယ်။အဲတော့ တကယ်လိုအပ်ချက်ကိုဒါထက်လဲပိုသွားနိုင်ပါတယ်။" လို့ မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးရဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောပါတယ်။ 

လက်ရှိမြန်မာနိုင်ငံတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုက ၂၀၁၅ခုနှစ်၊ နှစ်အကုန်ထိကို ၄.၅ သန်းပြည့်မီနိုင်ဖို့ မျှော်မှန်းလို့ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ တိုးတက်လာနေတဲ့ မြန်မာနိုင်ငံကခရီးသွားလုပ်ငန်းအပေါ်မှာ နောက်ထပ် ၅နှစ်ဖြစ်တဲ့ ၂၀၂၀ခုနှစ်အရောက်မှာ နိုင်ငံတကာကခရီးသွားဧည့်သည် ၇သန်းအထိ ဝင်ရောက်လာနိုင်မယ်လို့ မျှော်လင့်ထားပြီး ဒီအပေါ်မှာအလုပ် အကိုင်အရေအတွက် ၂ သန်းအထိ ဖန်တီးပေးနိုင်ဖို့ မဟာစီမံကိန်း (Master Plan) ရေးဆွဲလုပ်ကိုင်သွားဖို့လည်း ရှိနေပါတယ်။ မျှော်မှန်းချက်အတိုင်း ဖြစ်လာဖို့ဆိုတာကလည်းခရီးသွားလုပ်ငန်းကဏ္ဍနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းနယ်ပယ်အားလုံးကတင်းပြည့်ကြပ်ပြည့် အရည်အသွေးပြည့်မီနေဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

"ကျွမ်းကျင်မှုတွေ ရှိနေဖို့လိုတယ်။ ဒီအတွက် အရင်းမြစ်တွေကို လေ့ကျင့်ပေးနေဖို့လိုတယ်။ အဲဒါတွေတော့ ကျတော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားရမှာတွေ အများကြီးရှိတယ်၊ အဲလို ကြိုတင်ပြင်ဆင်ထားမှု မရှိရင်တော့ ကျတော်တို့က လိုအပ်တဲ့ ဝန်ထမ်းဦးရေတွေကိုတော့ ကျတော်တို့ဆီမှာခန့်ထားနိုင်မှာ မဟုတ်တော့ဘူး။ လိုအပ်တာကလည်း ဒီအရေတွက်က တကယ်တမ်းလိုအပ်နေတယ် ကိုယ့်နိုင်ငံထဲကလူသားအရင်းမြစ်တွေကို မခန့်ထားနိုင်ဘူးဆိုရင် အခြားနိုင်ငံကနေအစားထိုးပြီး ဝင်ရောက်လာလိမ့်မယ် အဲခါကြရင် ကိုယ့်နိုင်ငံသားတွေအနေနဲ့ အခွင့်ရေးတွေ ဆုံးရှုံးသွားနိုင်တယ်။" လို့လည်း Radient Tour Co.,Ltdရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနောင်းနောင်းဟန်က မဇ္ဈိမကို ပြောပါတယ်။ 

၂၀၁၆ခုနှစ်အတွင်း ဖြစ်ပေါ်လာတော့မယ့် အာဆီယံစီးပွားရေးအသိုက်အဝန်းကနေ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေက ဒီထက်ပိုပြီးတိုးတက်လာနိုင်ဖို့လည်း ရှိနေသလို အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပြီးရရှိဖို့ကလည်း စိန်ခေါ်စရာတွေ ရှိနေပါတယ်။ 

"ဟုတ်ကဲ့ အလုပ်အကိုင်ကတော့ လိုအပ်မှာပါ ဘာဖြစ်လို့လဲဆိုတော့ တိုးရစ်ဇင်ဆိုတာတိုးရစ်ဇင်လုပ်ငန်းကအထူးသဖြင့် တိုးအော်ပရေတာပဲဖြစ် ဖြစ်၊ဟိုတယ်လုပ်ငန်းပဲဖြစ်ဖြစ်၊စားသောက်ဆိုင်ပဲ ဖြစ်ဖြစ် ဆိုဗီးနီးယားရောင်းတာပဲဖြစ်ဖြစ်၊ပို့ဆောင်ရေးကဏ္ဍမှာဖြစ်ဖြစ်၊တိုးရစ်ဇင်ခေါင်းစဉ်အောက်မှာရှိတဲ့ ကဏ္ဍတွေကလူနဲ့ ထုတ်လုပ်ရတာဖြစ်ပါတယ်။ စက်ရုပ်တွေနဲ့ လုပ်တယ်ဆိုတာသူများနိုင်ငံတွေမှာရှိပေမယ့်ကျတော်တို့ကလူနဲ့ ထုတ်လုပ်ရတာဖြစ်တဲ့အတွက် လူတွေရဲ့ စွမ်းဆောင်ရေအရေးကြီးပါတယ်၊ဒီအတွက်လည်းစွမ်းဆောင်ရည်မြှင့်တင်ဖို့ လုပ်နေရသလိုဒီလူတွေရဲ့ စွမ်းဆောင်ရည်ပေါ့နော် ပရော်ဖက်ရှင်နယ် အလုပ်ဖြစ်တဲ့အတွက်ကြောင့် စွမ်းဆောင်ရည်မြှင့်တင်ဖို့လည်း စဉ်ဆက်မပြတ်လုပ်ရပါတယ်။" လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပါတယ်။ 

၂၀၂၀ခုနှစ်အရောက်မှာတော့ ကမ္ဘာ့အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းဖြစ်လာမယ်လို့ ကမ္ဘာ့ခရီးအဖွဲ့အစည်းဖြစ်တဲ့ WTO က သတင်းထုတ်ပြန်ထားဖူးပါတယ်။

 မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ခုနှစ်ကစလို့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာတယ် ဆိုပေမယ့် စနစ်တကျတိုးတက်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်အောင် လုပ်ကိုင်တဲ့နေရာမှာ လိုအပ်ချက်တွေက ရှိနေတုန်းဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အကျိုးအမြတ်နဲ့ အလုပ်အကိုင် အရေအတွက် နည်းပါးနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက အာဆီယံဈေးကွက်ထဲမှာ ဘယ်လိုလက်ဦးမှုတွေ ရယူသွားနိုင်ဖို့ အခုရေးဆွဲထားတဲ့ ခရီးသွားလုပ်ငန်းမဟာစီမံကိန်း Master Plan က ဘယ်လောက်အထိ ဖန်တီးပေးနိုင်မလဲဆိုတာ မျှော်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly