လိပ်ကျွန်းအမှု မနက်ဖြန်အမိန့်ချမည်

လိပ်ကျွန်းအမှု မနက်ဖြန်အမိန့်ချမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃။          ။ထိုင်းနိုင်ငံ၊ ကော့သောင်ကျွန်း(လိပ်ကျွန်း)တွင်ဖြစ်ပေါ်ခဲ့သည့် ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံ ထားရသူ မြန်မာနိုင်ငံသားနှစ်ယောက်၏ အမှုကို ဒီဇင်ဘာ ၂၄ရက်၊ မနက်ဖြန်တွင် ကော့စမွေခရိုင် တရားရုံးက အမိန့်ချမည်ဖြစ်သည်။

ယင်းအမှုကိုအတွက် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ရက်မှ ယနေ့အထိ အမှုနှင့်ပက်သက်သည့် ကွင်းဆင်း စစ်ဆေးခြင်း၊ တရားရင်ဆိုင်ခြင်းတို့ကို တစ်နှစ်ကျော်ကြာပြုလုပ်ခဲ့ရသည်။

"အခုကျွန်တော်တို့ရောက်နေပြီ။ နက်ဖြန် ၉နာရီကစမှာဘယ်အချိန်ပြီးမလဲတော့မသိဘူး။ ဒီကအပြစ်မရှိရင် တရားသေလုံးဝလွှတ်ကမှာ အဲဒီကျရင်ကျွန်တော်တို့က ကလေးတွေအပြင်ထွက်နိုင်ဖို့လုပ်ရမယ်။ ထိုင်းရဲနဲ့၊ အစိုးရရှေ့နေကတော့ နိုင်ငံခြားသားဖြစ်လို့ဆက်ထိန်းသိမ်းထားဖို့ကြိုးစားမယ်လို့သိရတယ်။ ဘန်ကောက်လည်း တက်နိုင်တယ်" ဟု မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။

ဒီဇင်ဘာ ၂၄ရက်၊ မနက်ဖြန်အမိန့်ချမှတ်မည့် ရုံးချိန်းသို့ စွပ်စွဲခံမြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများ၊ မြန်မာသံရုံး အတွင်းဝန် ဦးထွန်းအေး၊ မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း တို့က ကော့စမွေသို့ယနေ့ရောက်ရှိနေပြီး နက်ဖြန်တွင် မြန်အလုပ်သမားသံအရာရှိ ဦးစိုးနိုင်ကရုံးချိန်းသို့ လာရောက်မည်ဟုလည်း ၎င်းကပြောသည်။

တစ်နှစ်ကျော်အတွင်း ထိုင်းရဲတပ်ဖွဲ့တင်သွင်းသည့် သက်သေများအရ မြန်မာနိုင်ငံသားနှစ်ဦး သတ်သည်ဟု သက်သေခိုင်မာစွာယူဆမရသဖြင့် ယခုအမှုမှ စွပ်စွဲခံရသူနှစ်ဦးလုံးက တရားသေလွှတ်မြောက်နိုင်သည် ဟုလည်း မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံဥပဒေအရ သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများကို သုံးနှစ်အတွင်းအပြီးသတ်စစ်ဆေးစီရင် အမိန့်ချရ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly