အမေရိကန်တွင် လွန်ခဲ့သည့်နှစ်က အရက်ကြောင့် လူ ၃၀,၀၀၀ ကျော်သေဆုံးခဲ့

အမေရိကန်တွင် လွန်ခဲ့သည့်နှစ်က အရက်ကြောင့် လူ ၃၀,၀၀၀ ကျော်သေဆုံးခဲ့

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ ။          ။ အနည်းဆုံး ၃၅ နှစ်အတွင်း မကြုံဖူးသည့်နှုန်းဖြင့် အရက်က အမေရိကန်များကို သတ်နေသည်ဟု ပြည်ထောင်စုသတင်းအချက်အလက်သစ်များက ဖော်ပြနေသည်။ လွန်ခဲ့သည့်နှစ်က အမေရိကန်လူမျိုး ၃၀,၇၀၀ကျော်မှာ အရက်အဆိပ်သင့်ခြင်းနှင့် အသည်းရွတ်ရောဂါအပါအဝင် အရက်ကြောင့်ဖြစ်သော ရောဂါများဖြင့် သေဆုံးခဲ့ကြသည်။

၂၀၁၄ က လူ ၁၀၀,၀၀၀ လျင် အရက်ကြောင့်ဖြစ်သော ရောဂါများကြောင့် သေဆုံးမှုမှာ ၉ ဒသမ ၆ မှုရှိခဲ့ရာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ သို့သော်လည်း ယခုရေတွက်မှုတွင် အရက်မူး၍ကားမောင်းခြင်းကြောင့် မတော်တဆဖြစ်သေဆုံးမှုများနှင့် အရက်မူးစဉ်ဖြစ်ပေါ်ခဲ့သော လူသတ်မှုများကို ထည့်တွက်မထားပေ။ ယင်းကိန်းဂဏန်းများကိုသာ ထည့်တွက် ခဲ့လျင် အရက်ကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် နှစ်စဉ်သေဆုံးမှုမှာ ၉၀,၀၀၀နားပင် ကပ်သွားနိုင်သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဋ္ဌာန CDC က ပြောသည်။

မကြာသေးခင်နှစ်များအတွင်း ပြည်သူ့ကျန်းမာရေးပါရဂူများက ဟီးရိုးအင်းနှင့် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသုံးစွဲမှုကြောင့် ၂၀၀၀ပြည့် လွန်နှစ်စောပိုင်းကာလ နောက်ပိုင်း မြင့်မားလာ သည့် သေဆုံးမှုများကို ကျယ်ပြန့်စွာ စူးစိုက်လေ့လာဖော်ပြခဲ့သည်။ သို့သော်လည်း ၂၀၁၄တွင် အရက်ကြောင့် သေဆုံးမှုမှာ ၃၀,၇၂၂မှုရှိခဲ့ပြီး ဆေးလွန်သေဆုံးမှုမှာ ၂၈,၆၄၇မှုသာ ရှိသည်ဟု CDC ကဆိုသည်။

တစ်ဦးချင်းအရက်သောက်သုံးမှုပမာဏမှာ ၁၉၉၀ပြည့်လွန်နှစ်များကထက် ပိုမိုမြင့်မားလာခဲ့သည်ဟု အရက်သောက်သုံးမှုပုံစံများနှင့် ယင်းတို့၏သက်ရောက်မှုများကို လေ့လာသည့် ဂျုခ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ဖိလစ်ဂျေကွတ်က ပြောသည်။ ယင်းသို့အရက်သောက်သုံးမှုပမာဏ ပိုမိုမြင့်မားခြင်းက အရက်ကြောင့်သေဆုံးနှုန်းမြင့်မားရခြင်းတွင် ရှင်းလင်းချက်တစ်ခုဖြစ်နိုင်ဟု ၎င်းကဆိုသည်။

အနည်းဆုံးလစဉ် အရက်သောက်သည့် အရွယ်ရောက်အမေရိကန်အရေအတွက်မှာ မများလှသော်လည်း ၂၀၀၂နှင့် ၂၀၁၄အတွင်း ၅၄ဒသမ၉ရာခိုင်နှုန်းမှ ၅၆ ဒသမ ၉ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ သည်ဟု Substance Abuse and Mental Health Services Administration မှအချက်အလက်များက ဖော်ပြသည်။ အပြောင်းအလဲမှာ အထူးသဖြင့် အမျိုးသမီးများကြားတွင် ဖြစ်ပေါ်ခဲ့သည်။

လစဉ်အရက်သောက်သုံးသော အမျိုးသမီးရာခိုင်နှုန်းမှာ ၂၀၀၂ခုနှစ်တွင် ၄၇ဒသမ၉ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၁၄ခုနှစ်တွင် ၅၁ဒသမ၉ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly