ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ချန်းအိုချာ၏ ဒုတိယမြောက်သီချင်း ထွက်ရှိ

ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ချန်းအိုချာ၏ ဒုတိယမြောက်သီချင်း ထွက်ရှိ

ဘန်ကောက်၊ ဒီဇင်ဘာ - ၂၃ ။           ။ ထိုင်းနိုင်ငံ၏ အာဏာသိမ်းအစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ၂၀၁၄ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သူကိုယ်တိုင် ရေးသားသည့် ဒုတိယမြောက် သီချင်းအဖြစ် ဇာတိမာန် သီချင်းတစ်ပုဒ်အတွက် စာသားများကို အင်္ဂါနေ့က ရေးစပ်ထုတ်ပြန်ပေးခဲ့သည်ဟု ဆိုသည်။

စစ်တပ်အကြီးအကဲအနေဖြင့် ၂၀၁၄ခုနှစ် မေလ အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပထမဆုံးသီချင်း ‘ထိုင်းနိုင်ငံသို့ ပျော်ရွှင်မှုတွေ ပြန်လာပြီ (Return Happiness to Thailand)’ကို ရေးသားခဲ့ပြီး အာဏာသိမ်းအစိုးရက ထိုင်းပြည်သူများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည့် လူထုဆက်ဆံရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုပ်သံနှင့် ရေဒီယိုဌာနများတွင် အမြဲတမ်းမှ အမြဲတမ်းလိုလို ထုတ်လွှင့်နေခဲ့သည်။

သီချင်းမှာ YouTube တွင် ကြည့်ရှုနားထောင်သူ တစ်သန်းကျော်ခဲ့သော်လည်း အာဏာသိမ်းအစိုးရကို ဝေဖန်သူများ၏ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။

ယခု ဒုတိယမြောက်သီချင်း ‘မင်းဟာ ထိုင်းနိုင်ငံဖြစ်လို့မို့ ( Because You Are Thailand)’တွင်လည်း ‘ငါတို့လက်တွဲထားရင် ငါတို့မျှော်လင့်တဲ့ ရက်ဟာ မဝေးတော့ဘူး’၊ ‘မင်းသာ ထိုင်းနိုင်ငံဖြစ်လို့ ဘယ်သူ့ကိုမှ မင်းကို အဖျက်စီးခွင့်မပြုနဲ့’ဟူသော စာသားများ ပါဝင်နေသည်ဟု ဆိုသည်။  

သီချင်းမှာ ထိုင်းပြည်သူများအတွက် သူ၏ နှစ်သစ်ကူးလက်ဆောင်ဖြစ်သည်ဟုလည်း ပရာယွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အာဏာသိမ်းအစိုးရ (သို့မဟုတ်) ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီက ရွေးကောက်ခံအစိုးရကို ဖယ်ရှားလိုက်ကာ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ၏ အရပ်သားအစိုးရကို ရှင်းထုတ်ပစ်လိုကြသည့် လူလတ်တန်းစားနှင့် အထက်လွှာများ ခေါင်းဆောင်သည့် လပေါင်းအတော်ကြာ ဘန်ကောက်ဆန္ဒြုပပွဲများကိုလည်း အဆုံးသတ်ပစ်လိုက်သည်။

အာဏာသိမ်းပြီး တက်လာသည့် စစ်အစိုးရက သဘောထားကွဲလွဲသူများကို အသံတိတ်သွားစေပြီး၊ လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးရန် ပြင်းထန်သော ဘုရင်ကိုစော်ကားမှုဥပဒေများကို အသုံးပြုကာ ဝေဖန်သူများကို ခြေရာခံလိုက်နေခဲ့သောကြောင့် လူ့အခွင့်အရေးအုပ်စုများ၊ ကုလသမဂ္ဂနှင့် အနောက်အစိုးရများ၏ ပြင်းထန်သောဝေဖန်မှုကို ခံနေခဲ့ရသည်။

စစ်အစိုးရက မဲဆန္ဒခံယူပွဲ ကျင်းပရလောက်အောင် နိုင်ငံမှာ မတည်ငြိမ်သေးဟု အကြောင်းပြကာ ရွေးကောက်ပွဲများကိုလည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly