သင်မသိသေးတဲ့ မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်နီ၏ အကြောင်းအရာများ

သင်မသိသေးတဲ့ မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်နီ၏ အကြောင်းအရာများ

မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီရဲ့ လူတွေသိပ်မသိသေးတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အကြောင်းအရာတွေက တစ်ချို့သိပြီးသားဖြစ်ပေမယ့် တစ်ချို့က မသိသေးတာတွေလည်း ပါဝင်ပါတယ်။ အဓိက ကတော့ ဒီအကြောင်းတွေကို မသိသေးတဲ့ ပရိသတ်တွေနဲ့ ရွန်နီရဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဖော်ပြတာဖြစ်ပါတယ်။ နှစ်သက်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

၁။ ရွန်နီဟာ ငယ်ငယ်က ကျောင်းနှစ်ရက်နားခဲ့ရဖူးပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဘောလုံးကို သိမ်းသွားတာကြောင့် စိတ်ဆိုးပြီး ကျောင်းသိပ္ပံခန်းထဲက ပစ္စည်းတွေကို ကန်ကျောက်ခဲ့လို့ပါပဲ။

၂။ အဲဗာတန် ယူ-၁၁ အသင်းမှာ ကစားနေစဉ်တုန်းက ရွန်နီဟာ ပွဲ ၃၀ မှာ ၁၁၄ ဂိုးအထိသွင်းခဲ့ဖူးပါတယ်။

၃။ ရွန်နီရဲ့ ညာဘက်မျက်လုံးက ငယ်ငယ်ကတည်းက အားနည်းခဲ့ပါတယ်။ သူ့ကို သူ့ရဲ့ ညာဘက်မျက်လုံးက အမြင်မှားအောင် အမြဲ အရူးလုပ်ပါတယ်။ သူဟာ ကားမောင်းဖို့နဲ့ စာဖတ်ဖို့အတွက် မျက်မှန်အကူအညီယူရပါတယ်။ အဲ့ဒီအလုပ်တွေကို မျက်မှန်မတပ်ဘဲနဲ့လည်း ကြိုးကြိုးစားစားလုပ်လေ့ရှိပါတယ်။

၄။ ရွန်နီဟာ သူ့ရဲ့ မိဘတွေရဲ့အိပ်ယာမှာ အသက် ငါးနှစ်အရွယ်အထိ အိပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဝါရောင်နဲ့ အစိမ်းရောင်ရှိတဲ့ ဝိညာဉ်တွေကို မြင်ယောင်နေလို့ပါ။

၅။ ရွန်နီဟာ ပညာရေးပိုင်းမှာ ထူးချွန်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးပိုင်းမှာတော့ ထူးချွန်တယ်လို့ ပြောရမှာပါ။ ရွန်နီရဲ့ ယေရှုအကြောင်းရေးသားမှုက အတော်လေးပြည့်စုံတယ်လို့ ချီးကျူးခံရပေမယ့် စပိန်ဘာသာနဲ့ ပထဝီဝင်ဘာသာတွေမှာတော့ ရမှတ် တစ်မှတ်တောင် မရခဲ့ပါဘူး။

၆။ ရွန်နီဟာ သူ့ရဲ့ အေးဂျင့်ကို အသက် ၁၄ နှစ်အရွယ်ကတည်းက ရရှိခဲ့သူဖြစ်ပါတယ်။ အေးဂျင့်ပီတာမက်လန်တော့ရှ်က ရွန်နီကို Umbro ကုမ္ပဏီကနေ ဂျာစီစပွန်ဆာရအောင် ပြုလုပ်ပေးခဲ့ပြီး တစ်နှစ်ကို ပေါင် နှစ်ထောင် ရရှိခဲ့ပါတယ်။

၇။ ၁၉၉၄ ခုနှစ်က အဲဗာတန်ရဲ့ တိုက်စစ်မှူးကြီး ဒန်ကန်ဖာဂူဆန် အဖမ်းခံရချိန်မှာ ရွန်နီက အသက် ကိုးနှစ်အရွယ်ပဲ ရှိပါသေးတယ်။ အဲ့ဒီအချိန်မှာ ရွန်နီက ဖာဂူဆန်ကို ဖမ်းဆီးတာဟာ တရားမျှတမှုမရှိကြောင်း နှစ်ကြိမ်တိုင်ရေးသားခဲ့ပြီး ဖာဂူဆန်က ရွန်နီကို ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့ပါတယ်။

၈။ ရွန်နီက သူကွင်းထဲမှာ ဘောလုံးကစားနေချိန်မှာ အသင်းဖော်တွေ ဘယ်သူက ဘယ်နားမှာ ရှိတယ်ဆိုတာကို တစ်ခေါက်ကြည့်လိုက်ပြီးတာနဲ့ ဘောလုံးမပေးခင်မှာ ထပ်ကြည့်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။ ဘယ်သူက ဘယ်နေရာရောက်နေပြီဆိုတာ သူ့ရဲ့ ပင်ကိုယ်စိတ်က အလိုလိုသိပြီးသားလို့ ဆိုပါတယ်။

၉။ ရွန်နီအမြဲစီးနေကျ အသေးစားမော်တော်ဆိုင်ကယ်လေး တစ်ဦးရှိပါတယ်။ အဲ့ဒီဆိုင်ကယ်လေးက ဂီယာသုံးခုပါပြီး ကလပ်မပါပါဘူး။ အဲ့ဒီဆိုင်ကယ်မှာ လိုင်စင်မရှိတာကြောင့် ရွန်နီဟာ ရဲတွေ ရှင်းတဲ့အထိစောင့်ပြီးမှ သွားလာရလေ့ရှိပါတယ်။

၁၀။ အဲဗာတန်မှာ ကစားနေစဉ်တုန်းက ရွန်နီဟာ နည်းပြ ဒေးဗစ်မိုယက်စ် ရေအိမ်ဝင်နေတုန်း ခေါင်းပေါ်ကနေ ရေခဲရေနဲ့ လောင်းချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဘယ်သူလုပ်တယ်ဆိုတာကို မိုယက်စ် ဘယ်တုန်းကမှ မသိခဲ့ပါဘူး။

၁၁။ ရွန်နီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဂိုးပေါင်း ၂၅၀ ကျော်သွင်းယူခဲ့ပြီးဖြစ်ပေမယ့် အဲဗာတန်အသင်းမှာ ပထမဆုံးပွဲထွက်ခဲ့တဲ့ ပွဲစဉ်တုန်းက အဲဗာတန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

၁၂။ အသက် ၁၇ နှစ်အရွယ်မှာ အဲဗာတန်အသင်းမှာ ပထမဆုံးပွဲချိန်ပြည့် ကစားခွင့် ရနေပြီဖြစ်ပြီး အဲ့ဒီအချိန်က တစ်ပတ်ကို ၇၅ ပေါင်သာ ရရှိခဲ့ပါတယ်။ ၁၇ နှစ်မှာပဲ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ချက်ချင်းဆိုသလို တစ်ပတ် ပေါင် ၈၀၀၀ ရရှိခဲ့ပါတယ်။

၁၃။ ရွန်နီဟာ စာအုပ်ဖတ်ရတာကို အလွန်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူအနှစ်သက်ဆုံး စာအုပ်တွေထဲမှာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲစာအုပ်တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။

၁၄။ ရွန်နီဟာ ဂီတနားထောင်ရာမှာတော့ Rap သီချင်းအမျိုးအစားတွေကို နှစ်သက်သူ ဖြစ်ပါတယ်။ ပွဲမကစားမီမှာ သူနားထောင်လေ့ရှိတဲ့ သီချင်းတွေက 50 Cent and Eminem တို့ရဲ့ သီချင်းတွေ ဖြစ်ပါတယ်။

၁၅။ ရွန်နီဟာ လက်ဝှေ့ဝါသနာအိုးတစ်ဦးလည်း ဖြစ်ပါတယ်။ ငယ်ငယ်ကလည်း လက်ဝှေ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ဖူးသူပါ။ မန်စီးတီးပရိသတ် လက်ဝှေ့ကျော် ရစ်ကီဟက်တန်နဲ့အတူ လက်ဝှေ့စင်ပေါ်အထိ တက်ရောက်ခဲ့ဖူးသူ ဖြစ်သလို မကြာသေးမီ ကာလကလည်း WWE နပန်းပွဲကို သွားရောက်ကြည့်ရှုခဲ့ကာ နပန်းသမား ဝိတ်ဘာရက်ကို ပါးရိုက်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေတောင် ဖြစ်ပျက်ခဲ့ပါသေးတယ်။

၁၆။ အင်္ဂလန်အသင်းမှာ ရွန်နီ ပထမဆုံးရွေးချယ်ခံရတာက ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလကပါ။ အသင်းရဲ့ ပထမဆုံးတွေ့ဆုံစည်းဝေးပွဲကျင်းပချိန်မှာ ရွန်နီဟာ ဟိုတယ်ခန်းအတွင်းအိပ်ပျော်နေခဲ့ပါတယ်။ ဒါကြောင့် ဧည့်ကြိုဌာနကနေ သော့အပိုယူပြီးဖွင့်ကာ ရွန်နီကို နိုးခဲ့ရပါတယ်။

၁၇။ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတုန်းက ကစားခဲ့တဲ့ မက်ဆီဒိုးနီးယားနဲ့ပွဲမှာ ရွန်နီဟာ အင်္ဂလန်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တစ်သင်းလုံးက အဲ့ဒီဘောလုံးမှာ လက်မှတ်ထိုးပေါ်ခဲ့ပါတယ်။ ဂျရတ်က 'ကောင်းတယ်။ ရုပ်ဆိုးတဲ့ကောင်လေး' ဆိုပြီး ရေးပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ရွန်နီဟာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

၁၈။ ပရီးမီးယားလိဂ်မှာ ပွဲ ၃၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ အာဆင်နယ်အသင်းကို အနိုင်ဂိုးသွင်းခဲ့တဲ့အချိန်က ရွန်နီဟာ ၁၆ နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။ အဲဒီဂိုးကို သွင်းယူပြီးတဲ့နောက်မှာ အဲဗာတန်တိုက်စစ်မှူးလေးဟာ ပွဲစဉ်နောက်တစ်ပွဲကို သွားကစားပါသေးတယ်။ အဲ့ဒီပွဲကတော့ ကောလင်းတို့ရဲ့ အိမ်ရှေ့မှာ ကစားတဲ့သူ့သူငယ်ချင်းတွေနဲ့ ပွဲ ဖြစ်ပါတယ်။

၁၉။ ရွန်နီဟာ မန်ယူကို မရောက်ခင် နယူးကာဆယ်ကို ရောက်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ နယူးကာဆယ်နည်းပြ ဘော်ဘီရော့ဆင်ကလည်း ရွန်နီဟာ ရှီးယားရားလို အင်္ဂလန်ရဲ့ ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာမယ်ဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့် ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကို အဲဗာတန်အသင်းကို ပယ်ချခဲ့လို့ အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာတော့ မန်ယူက ရွန်နီကို ပေါင် ၂၇ သန်းနဲ့ ဝယ်ယူသွားခဲ့ပါတယ်။

၂၀။ ရွန်နီဟာ မန်ယူအသင်းနဲ့ ပထမဆုံး ဆုဖလားကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး လိဂ်ဖလားဗိုလ်လုပွဲမှာ ဝီဂန်ကို အနိုင်ရကာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ရွန်နီက အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။

၂၁။ မန်ယူကို ပထမဆုံးရောက်ရှိချိန်က ကျောနံပါတ် ၈ ကို ဝတ်ဆင်ခဲ့တဲ့ ရွန်နီဟာ ၂၀၀၇ ခုနှစ် ဇွန်လမှာတော့ ကျောနံပါတ် ၁၀ ကို ပထမဆုံးပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီမှာ ရွန်နီရဲ့ နာမည်နဲ့ကျောနံပါတ် ၁၀ ဂျာစီက ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးနဲ့ ဝယ်လိုအားအများဆုံးဖြစ်ခဲ့ပါတယ်။

၂၂။ ဒီရာသီမစတင်ခင်က ပြုလုပ်ထားတဲ့ စာရင်းအရ ရွန်နီဟာ ပွဲပေါင်း ၅၅၆ ပွဲ ကစားခဲ့ရာမှာ အနီကတ် ခြောက်ကတ်နဲ့ အဝါကတ် ၁၁၃ ကတ် ပြသခံခဲ့ရပါတယ်။

နောက်ဆုံးအနေနဲ့ ရွန်နီရဲ့ မိသားစုအကြောင်းကို နည်းနည်းဖော်ပြပေးချင်ပါတယ်။ ရွန်နီနဲ့ ကောလင်းတို့ဟာ ငယ်ရွယ်စဉ်ကျောင်းနေအရွယ်ကတည်းက စတင်တွေ့ဆုံခဲ့ကြသူတွေဖြစ်ပါတယ်။ ရွန်နီဟာ ငယ်ငယ်က စိတ်မြန်၊ လူမြန်ဖြစ်လို့ ကောလင်းကို ဖွင့်ပြောတော့လည်း တိုတိုတုတ်တုတ်နဲ့ ပွင့်ပွင့်လင်းလင်းပြောခဲ့သလို၊ လက်ထပ်ဖို့ကိုလည်း ခပ်မြန်မြန်ပဲ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး ရွန်နီရဲ့ အသက် ၁၇ နှစ်အရွယ်မှာ စတင်ချစ်ကြိုက်ခဲ့ပြီး ခြောက်နှစ်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ရွန်နီနဲ့ကောလင်းတို့ဟာ ကိုင်ဝိန်းနဲ့ ကလေးအန်တိုနီဆိုတဲ့ သားနှစ်ဦးကို မွေးဖွားထားခဲ့ပြီဖြစ်ပြီး သာယာတဲ့ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly