အိတ်နဲ့လွယ်၊ အိတ်ထဲပိတ်၊ ခရိုနီအိတ်ထဲဖိ်တ်

အိတ်နဲ့လွယ်၊ အိတ်ထဲပိတ်၊ ခရိုနီအိတ်ထဲဖိ်တ်

တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းတော့မယ်၊ ပြောင်းလဲချိန် တန်ပြီပေါ့။  ပြောင်းလဲချိန်က တန်ရုံ မက နှစ် ၅၀ လောက် နော်ကကျနေပြီ။ ခုတော့လည်း မကြာမီ လာမည်မျှော်ပေါ့။ ကြားကာလ သုံးလသာ ရှိပါတယ်။ ခုလက်ငင်း ပြဿနာက ပြောင်းလဲပြီးပါပြီ ဆိုသူတွေက ပြောင်းလဲချိန်တန်ပြီ ဆိုသူတွေ လက်ထဲ အာဏာမလွှဲခင်မှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်နေကြတာပါ။ (ဒီအသုံးအနှုန်းကို ခုံးကျော် တံတားဆောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ Daily Eleven သတင်းစာက စသုံးပါတယ်။)

မောင်မှန်ပြော ချင်တာ ဒါတင်မကပါဘူး၊ ဘတ်ဂျက် ထပ်တိုးတောင်းတဲ့ ကိစ္စ၊ လွှွတ်တော် ပင်စင်ကိစ္စ၊ ဖားကန့်ကိစ္စ တွေလည်း ပါပါတယ်။ တိုင်းပြည်နစ်နာစရာ ကိစ္စတွေချည်းပါပဲ။ ဒါကို ချိန်တန်ပြီတွေ ဘက်က ကျယ်ကျယ်လောင်လောင် ကန့်ကွက်သံလည်း ဘာမှ မကြားရပါဘူး။ ဒါဟာ ဘာသဘောလဲ စဉ်းစား ကြရမှာပါ။ အော် ဒါတွေဟာ သူတို့ရဲ့ နောက်ဆုံး အခွင့်အရေးလေးပဲလေ၊ လိုသလောက် ယူပါစေ၊ ဝအောင် စားကြပါစေလို့ပဲ သဘောထားပေးနေသလား။ ဒါမှမဟုတ် သူတို့ ခွင်(ဂွင်)ကို သွားဟန့်တား လိုက်ရင် ကိုယ့်လက်ထဲ အာဏာမလွှဲမှာဘဲ စိုးသလား မသိဘူးပေါ့လေ။

နိုင်ငံရေးသမားဆိုတာ၊ နိုင်ငံရေးပါတီဆိုတာ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းရမယ့် ကိစ္စ တွေရှိသလို ချက်ခြင်းလက်ငင်း စက္ကန့်မဆိုင်းဘဲ ပြောဆိုဖြေရှင်းရမယ့် ကိစ္စတွေလည်း ရှိတယ်လို့ မောင်မှန် မြင် ပါတယ်။ လုပ်ပိုင်ခွင့် ရှိတာ၊ မရှိတာ အပထား၊ သဘောထားကတော့ ထုတ်ပြန်ရမှာပါ၊ ဥပမာ - ဖားကန့်မှာ ကျော်စိမ်း အလွန်အကျွံ တူးနေတဲ့ ကိစ္စမျိုးဟာ ချက်ခြင်းပြောမှ ဖြစ်မှာပါ၊ မသိကျိုးကျွံနေလို့ မဖြစ်ပါဘူး။

နောက်တစ်ခါ နောက်ဆုံးပိတ် အိတ်ထဲပိတ်တဲ့ ကိစ္စတွေ ရှိပါသေးတယ်။ ဒါကလည်း အတော် ဆိုးပါတယ်။ စိုးရိမ်စရာလည်း များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲအကျော် အခြေ အနေနဲ့ နည်းနည်း ကျဆင်းနေသလားလို့ပါ၊ အခုတလော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေကို အမှုပေါင်းများစွာနဲ့ တရားစွဲပြီး ဂိတ်ဆုံးဂိတ်ကုန်၊ အမိန့်ချ စတုဒီသာ အဝကျွေးနေပါတယ်။ ၁၉၉၀ ဝန်းကျင်တုန်းကလည်း ဒီလိုပဲတဲ့၊ မောင်မှန့်ဘကြီး နိုင်ငံရေးသမားကြီးတစ်ယောက်က ပြောဖူးပါတယ်။

“ဒီလို မောင်မှန်ရ ၁၉၉၀ ဝန်းကျင်တုန်းကလည်း ဒီလိုပဲ၊ ရွေးကောက်ပွဲမတိုင်မီကလည်း ပြည်သူတွေက NLD မှ NLD ပဲ၊ အဲ့ဒီတုန်းက NLD ဆိုတာ ရှစ်လေးလုံး အရေးတော်ပုံရဲ့ တပ်ပေါင်းစုကြီးကွ၊ ရွေးကောက်ပွဲမှာလည်း NLD ပဲ အပြတ်နိုင်တာပဲ၊ ဒါပေမဲ့ တစ်ပြိုင်တည်းမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံ၊ ထောင်ကျခံနေကြရ တယ်။ ဒါပေမယ့် ဒီလူတွေကလည်း ထောင်ဘယ်လောက်ချချ၊ ဂရုမစိုက်ကြဘူး၊ စစ်ထောက်လှမ်းရေး က နည်းမျိုးစုံသုံးပြီး နှိပ်စက်နေတဲ့ ကြားထဲကပဲ စစ်ခုံရုံးတွေမှာ၊ တရားရုံးတွေမှာ တဟီးဟီး တဟား ဟားနဲ့ လှောင်ပြောင် ရယ်မောနေကြတာပဲကွ၊ ကြိုက်သလောက် ချလိုက်စမ်း၊ နေရလှ သုံးလေးငါး လပေါ့ဆိုတဲ့ အတွေးရှိတာလည်း ပါတာပေါ့လေ၊ အေး ဒါပေမဲ့ နောက်ကျတော့ တကယ်နေကြရတာ မောင်မှန်ရေ၊ အာဏာလည်းမလွှဲ နောက်ထပ် လူဖမ်းပွဲတွေ၊ ထောင်တွင်း နှိပ်ကွပ်ပွဲတွေ ဆက်တိုက် ဖန်တီးပြီး ရက်ရက်စက်စက်ကို ဖိနှိပ်တော့တာ မင်းလည်း အသိပါပဲ” လို့ ဘကြီးက ပြောပါတယ်။

ဘကြီးပြောတာ အမှန်ပါပဲ၊ (၁၇.၁၂.၂၀၁၅) နေ့က အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးသူ နှစ်ဦးဖြစ်တဲ့ ကိုသူဇော်ကြည်ဝင်းနဲ့ ကိုနိုင်ဇော်ကြည်ဝင်းတို့ နှစ်ဦးကို ရန်ကင်းမြို့နယ် တရားရုံး က ပုဒ်မ ၅၀၅(ခ)နဲ့ ဂိတ်ဆုံးပြတ်ဒဏ် နှစ်နှစ် အပြစ်ပေးလိုက်ပါတယ်၊ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ခံ ညီအစ်ကိုနှစ်ယောက်က “ ကျွန်တော်တို့ကို ဒီလိုမျိုး အမိန့်ချမှတ်မယ်ဆိုတာ ကြိုပြီးတော့ တွေးထားပြီးသားပါ၊ ကျွန်တော်တို့က အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် တောင်းဆို ဆန္ဒပြတဲ့ကိစ္စမှာ အလုပ်သမားတွေဘက်ကနေ ဝင်ရောက်ပြီးတော့ ညှိနှိုင်းပေးခဲ့တာပဲ ရှိတာ၊ ဆူပူအောင် လှုံ့ဆော်ပေးခဲ့တာ မရှိဘူး။ ဒါကို ကျွန်တော်တို့ကို စပြီး ဖမ်းဆီးတရားစွဲဆိုက တည်းက မတရားဘူးဆိုတာ သိနေတဲ့အတွက် ဒီနေ့ အမိန့်အတွက် ဘာမှ မပြောလိုပါဘူး” လို့ ပြောပါတယ်။

နောက်ပြီး (၁၈.၁၂.၁၅)နေ့မှာ ရုံးထုတ်တဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ ကိုလည်း ပုဒ်မ(၁၈)နဲ့ အမှုတွေ ထပ်တိုးလိုက်ပြန်ပါတယ်။ ကိုကျော်ကိုကို ကို ၂၀၁၄၊ နိုဝင်ဘာက အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု(လေးရက်သပိတ်) အတွက် တစ်မှု၊ အင်းလျားကန် ဘောင် အကြမ်းဖတ် လှုပ်ရှားမှုနဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် တစ်မှုတဲ့၊ ကိုနန္ဒာစစ်အောင် ကိုလည်း ဒီအတိုင်းပဲ၊ ကိုလင်းထက်နိုင်တို့ မဖြိုးဖြိုးအောင်တို့အပေါ် စွပ်စွဲမှုတွေကိုပါ ဆက်ရေးနေရရင် ဆုံးမှာ မဟုတ်တော့တဲ့အတွက် သည်းခံပေးတော်မူကြပါခင်ဗျာ။ (အမေမွေးတုန်းက ဆူပူအော်ဟစ် ငိုယိုဆန္ဒပြမှုအတွက်ပါ အမှုလာမကပ်တာ ကျေးဇူးတင်ရသေး။)

ဒီလို ပြုမူဆက်ဆံတာနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်က “အဓိက ကတော့ဗျာ၊ နဂို စစ်အစိုးရတုန်းက နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့ ၅(ည)တို့လို နှစ်ရှည် ထောင်ဒဏ်ချလို့ရ တဲ့ ပုဒ်မတွေနဲ့ ချတယ်၊ ကျွန်တော်ဆို နှစ် ၂၀ ကျော် ထောင်ကျခံရပြီး ၁၀ နှစ်လောက် ထောင်ထဲ နေခဲ့ရတယ်။ အခုကျတော့ ခေတ်ပြောင်းသွားပြီ၊ သုံးလ၊ တစ်နှစ်ချလို့ရတဲ့ အမှုတွေနဲ့ တရားစွဲတယ်၊ ဒါပေမဲ့ အမှုတွေက အများကြီး၊ ကျွန်တော်ဆို အမှု ၇၀ ကျော် စွဲခံထားရတော့ အမိန့်သာကျခံရမယ် ဆိုရင် နှစ် ၄၀ လောက် ထောင်ထဲနေရမယ့် သဘောရှိတယ်” လို့ ပြောပါတယ်။ အနိုင်ကျင့်လို့ရသမျှ၊ လုပ်လို့ရသမျှတော့ လုပ်ကို ချလိုက်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေကြဟန် ရှိပါတယ်။

အလုပ်သမားတွေ လစာတိုးဖို့ ကူညီဆောင်ရွက်ပေးသူတွေ၊ အမျိုးသားပညာရေး ဥပဒေပြင် ဆင်ဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေ၊ အခြားအခြားသော တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီးတော့ အမှုရင်ဆိုင် တရားစွဲ ထောင်ကျခံနေရတဲ့ အခြေအနေကို ခုရောက်နေတာပါ။ တရားတာတွေ မတရား တာတွေ အထူး ပြောမနေတော့ဘူး။ ၁၉၉၀ လိုသာ ဖြစ်ခဲ့ရင်တော့ ကျတဲ့နှစ်တွေအတိုင်း တကယ် နေကြရမှာခင်ဗျာ၊ မောင်မှန် အဆိုးမြင်သက်သက် ပြောနေတာ မဟုတ်ပါဘူး။ ရှေ့မှာ ဘကြီးအတွေ့ အကြုံတွေလည်း ရှိခဲလို့ပါ။

ပြီးတော့ ၉၀ နဲ့ မတူဘဲ ၉၀ ထက် ပိုဆိုးနေတဲ့ ကိစ္စတစ်ချို့လည်း ရှိနေလို့ ပါ။ ၁၉၉၀ တုန်းက NLD ဆိုတာ ရှစ်လေးလုံး အရေးတော်ပုံရဲ့ နောက်ဆက်တွဲ တပ်ပေါင်းစုကြီးပါ။ အာဏာလွှဲလို့ကတော့ ပွဲက ပြီးပါပြီ။ ၂၀၀၈ စစ်အခြေခံ ဥပဒေလည်း မရှိသေးပါဘူး။ ဖွဲ့စည်းပုံကို NLD ကပဲ ရေးဆွဲရမှာပါ။ အခု ဒီလို မဟုတ်ပါဘူး။ ၉၀ တုန်းက မရှိတာတွေ အားလုံး ရှိနေပါပြီ။ ဒါ့အပြင် ပူပူနွေးနွေး ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ဟောင်း) ဒေါက်တာ အောင်သူက အမျိုးသားပညာရေး ဥပဒေကို အခု မပြင်ဆင်သင့်သေးပါဘူးလို့ မဇ္ဈိမ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါသေးတယ်။ (ဒီကိစ္စကိုတော့ NLD ဗဟိုက ဒေါက်တာအောင်သူကို သတိပေး ဆွှေးနွေးခဲ့ ပါတယ်) ဒါပေမယ့် သူ့သဘောထားက ပျံ့နှံ့သွားခဲ့ပါပြီ။ ၉၀ တုန်းက ဒါမျိုးသ ဘောထားတွေ မရှိပါ ဘူး။ ပြည်သူနဲ့ တစ်သွေးထဲ၊ တစ်သားထဲ၊ တစ်သံထဲပါ။ (ပညာရေးကိစ္စမှာတော့ ပြောင်းပြီးပြီနဲ့ ချိန်တန်ပြီတို့အကြား သဘောထားဟာ သိပ်ကွာခြားမှု မရှိပါဘူး။)
နောက်ဆုံးပိတ် အိတ်နဲ့လွယ်၊ အိတ်ထဲပိတ် ကိစ္စတွေထက်သာနေတဲ့ အကြောင်းချင်းရာက လည်း ရှိနေပါသေးတယ်။ ဖိတ်ချင်းဖိတ် ခရိုနီအိတ်ထဲဖိတ်တဲ့ အကြောင်းပါ၊ ရွှေစံအိမ် ဟိုတယ်ပေါ်က  သင်တန်းများဟာ ခရိုနီအိတ်ထဲ ဖိတ်တဲ့ သင်တန်းတွေပါ၊ ဗမာ့သစ်တောတွေကို တောလုံးရှင်းလို့ရတဲ့ ငွေတွေနဲ့ တည်ထားတဲ့ ဟိုတယ်ပေါ်မှာ ဟိုတယ်စာစားရင်း၊ ဟိုတယ်သောက် သောက်ရင်း၊ ဟိုတယ် ပေါက် ပေါက်ရင်း ပြည်သူ့အကျိုး သယ်ပိုးကြဖို့ သင်တန်းတွေ တက်တယ်ဆိုတာ ဟုတ်ချင်လည်း ဟုတ်မှာပါ။ မောင်မှန်တို့ ပြည်သူတွေကတော့ ဒီတစ်ခါ နာဂစ်ထပ်လာရင်၊ ရေဘေးထပ်လာရင်တော့ ရွှေစံအိမ်ဟိုတယ်ပေါ် အတင်းတက်လာဖို့ရာ ပြင်ဆင်နေကြောင်းပါ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags