မေ့လျော့ခံထားရတဲ့ ရေဘေးဒဏ်သင့် ဒေသများ

မေ့လျော့ခံထားရတဲ့ ရေဘေးဒဏ်သင့် ဒေသများ
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ရွာသို့ မဇ္စျိမသတင်းဌာနအဖွဲ့သားများ သွားရောက်စဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

မနေ့တနေ့ကပဲ လွန်ခဲ့သည့် ရှစ်လပိုင်းအတွင်းတုန်းက ရေဘေးဒဏ်သင့်ခဲ့ကြရသည့် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်းက ပွင့်တောက်ရွာကလေးဆီ မိမိတို့ မဇ္ဈိမသတင်းဌာနအဖွဲ့ ရောက်ရှိခဲ့သည်။

ပွင့်တောက်ရွာကလေးဆီ ရန်ကုန်မှ မကွေး၊ မကွေးမှ စေတုတ္တရာ၊ စေတုတ္တရာမှ မုန်းရေလှောင်တမံကြီး၏ အထက် မုန်းချောင်းအတိုင်း စက်လှေဖြင့် ဆန်တက်သွားရသည်။ သည်မုန်းချောင်းဘေးဒေသ ကျေးရွာများ အနည်းဆုံး ၁၅ ရွာမျှ ရေဘေးဒဏ် ထိခဲ့ကြရသည်။

ပွင့်တောက်ရွာကလေးမှာ အိမ်ခြေ ၁၂၁ အိမ်၊ လူဦးရေ ၄၀၀ ကျော်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ရှိသည်။ ဆရာ ဆရာမ သုံးယောက် ရှိသည်။ လက်ရှိ ရွာနေရာမှာ ရေကြီးခံခဲ့ရသည့် ရွာနေရာဟောင်းတွင် မဟုတ်ဘဲ ရွာနောက်ဘက် တောင်ကုန်းပေါ် ပြောင်းရွှေ့ နေကြရသည်။ ရွာနေရာဟောင်းမှာ နုံးများ ထုနှင့်ထည်နှင့် ဖို့သွားခဲ့သဖြင့် ပြန်လည်နေထိုင်လို့ မရနိုင်အောင် ဖြစ်ရသည့်အပြင် နောက်နှစ်တွင်လည်း သည်လိုပဲ မုန်းရေကြီးခြင်း ခံရအုန်းမည်မှာ သေချာသလောက် ဖြစ်နေသဖြင့် ရွာဟောင်းမှာ ပြန်မနေသင့်ကြ မနေရဲကြတော့ပဲ တောင်ကုန်းပေါ်မှာပင် ရွာသစ်တည်ကြရန် ဆုံးဖြတ်ခဲ့ကြရသည်။

ရွာသစ်တည်ရန် မြေကို တောင်ယာပိုင်ရှင်များထံမှ ပြန်ဝယ်ရသည်။ အိမ်မြေရာကွက်များ ချရသည်။ မိသားစု တစ်စုချင်းစီ နေရာချထားကြရသည်။ ရေကြီးပြီးနောက် ယခုအချိန်အထိ လယ်ယာများ ကိုင်းခုံများ ပြန်လည်စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း မရှိသေး။ လယ်ယာကိုင်းကျွန်း အလုပ်ဖြင့် အသက်ရှင် ရပ်တည်ရသည့် သည်လိုရွာကလေးအဖို့ အခက်အခဲ ကြီးလှသည်။

ရွာ၏ ဘေး တောင်ကုန်းအောက်တွင် စမ်းချောင်းငယ် တစ်ခု ရှိသည်။ သောက်ရေအတွက် သည်တစ်နေရာသာ ရှိသည်။ ရေအိုးတစ်လုံးပြည့်အောင် အချိန်ယူရသည်။ တရွာလုံးအတွက် ဖြစ်သည်မို့ ဝေလီဝေလင်းမှထက ချောက်ထဲသို့ဆင်း တန်းစီကြရ၊ ရေခတ်ကြရသည်။ သုံးရေကိုမူ တောင်ကုန်းအောင် သောင်ခုံကြီးကို ဖြတ်ကာ မုန်းချောင်းဆီ သွားကြရသည်။ ရေခတ်ရသည်နှင့်ပင် ပွင့်တောက်ရွာကလေး ဒုက္ခကြီးလှသည်။

စာသင်ကျောင်းမှာ ယာယီ သစ်ဝါးဖြင့် မြေကြီးပေါ်တွင်ပင် စာသင်နေရသည်။ ဘုန်းတော်ကြီး ကျောင်းမှာ ယာယီ ဝါးကြမ်းခင်း ထရံကာဖြစ်သည်။ မည်သည့်အိမ်မျှ အစအဆုံး ဆောက်လုပ်ပြီးစီးသည်ဟူ၍ မရှိသေး။ စားသောက်ဖို့ ရိက္ခာကမူ အနည်းဆုံး တစ်လစာလောက်တော့ ရှိနေကြသေးသည်။ တခြားငွေကြေး အပိုအလျှံ မရှိကြ။ တခြားဝင်ငွေ ရရာရကြောင်း မဖန်တီးနိုင်ကြသေး။ တောလိုက်သည်။ ငါးရှာသည်။ ဝမ်းမီးက တောက်လောင်လွန်းလှသည်ဟုပင် ဆိုရမည်။

ယခုဆိုလျင် စေတနာရှင် အလှူရှင်များ ကျဲသွားပြီဖြစ်သည်။ တရွာလုံး အဟာရချို့တဲ့မှု၊ ပင်ပမ်းဆင်းရဲမှု၊ နေ့စဉ် စိတ်ဖိစီးမှုများကြောင့် လူတိုင်းလိုလို ကျန်းမာရေး မကောင်းချင်ကြတော့။ ယားနာများ တရွာလုံး ဖြစ်နေသည်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်။ မိမိတို့နှင့်အတူ လိုက်ပါလာသော စေတနာ့ဝန်ထမ်း ပရဟိတ ဆရာဝန်ကလေးမှာ ထမင်းပင် ထစားချိန်မရလောက်အောင် ဆေးကုပေးရသည်။ ပါလာသည့် ဆေးတချို့ တနေ့ခင်းနှင့် ကုန်တော့သည်။

ရေဘေးဒဏ်သင့် ပွင့်တောက်ရွာကလေး အစိုးရမှ ကူညီကယ်ဆယ်ရေး ယခုအချိန်အထိ တပြားတကျပ်မှ မရရှိသေး။ ပုဂ္ဂလိက စေတနာရှင်များ၊ ပရဟိတအဖွဲ့များရဲ့ အသက်ဆက်ပေးမှုဖြင့်သာ အသက်ကို မျှဉ်းမျှဉ်းအားယူပြီး ရှူရသလို ဖြစ်နေသည်။ သည်လို အစိုးရရဲ့ အကူအညီ အထောက်အပံ့များ လုံးဝမရှိပဲ နေနေကြရခြင်းသည် မယုံကြည်နိုင်လောက်ပင် ဖြစ်သည်။

ထို့ကြောင့် မေးခွန်းတွေ မေးစရာ ရှိလာပါသည်။ သဘာဝဘေးဥပါဒ် ကျရောက်ရာ ဒေသကြီးများအတွက် ကူညီကယ်ဆယ်ရေး အလုပ်များ ပိနေသည်မို့ လွှတ်တော်ကြီးပင်လျင် ခေတ္တအနားယူခဲ့ရသည်ဆိုသည့် အဖြစ်အပျက်မှာ လူရယ်စရာပင် ဖြစ်လာသည်။ သဘာဝ ဘေးဥပါဒ်အန္တရယ် ကျရောက်ရာ ဒေသများတွင် မည်၍မည်မျှ အကုန်အကျခံကာ နိုင်ငံတော်မှ ကူညီခဲ့ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်ဆိုသည့် နိုင်ငံတော် ကြေညာချက်များသည် လူရယ်စရာလို ဖြစ်ကုန်သည်။

သေချာသည်ကတော့ မကြာခင် ပွင့်တောက်ရွာကလေးကဲ့သို့သော ရေဘေးဒဏ် အကြီးအကျယ် အထိနာခဲ့သည့် ဒေသများ စားဝတ်နေရေး ပိုမို ခက်ခဲလာကြရတော့မည်။ ပညာရေး ကျန်းမာရေး တိုးတက်မှုများ လုံးဝနီးပါး ရပ်တန့်သွားတော့မည်။

ထို့ကြောင့် ယခုလို နိုင်ငံတော်ရဲ့ မေ့လျော့ခံထားရသည့် ရေဘေးသင့် သားချင်းများ အမြန်ဆုံး နလန်ထူလာနိုင်စေရေး တာဝန်ရှိသူများက အမြန်ဆုံး ထိရောက်မှန်ကန်စွာ အကောင်အထည်ဖေါ်ပေးဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly